(၂၈)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်မှ ဆုရရုပ်ရှင်များကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံကြီးများတွင် အခမဲ့ပြသမည်

ရန်ကုန် ၁၀  စက်တင်ဘာ

 

(၂၈)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်မှ ဆုရရုပ်ရှင်များကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံကြီးများတွင် အခမဲ့ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ဥရောပရုပ်ရှင်ပွဲတော်မှ ဆုရရုပ်ရှင်များကို မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံတို့အကြား ယဉ်ကျေးမှုချင်း ဖလှယ်ရန်နှင့် ဥရောပရုပ်ရှင်များ၏ မတူကွဲပြားမှုများကို ခံစားသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှ ဦးဆောင်ကာ Goethe Institut Myanmar၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်း စီစဉ်ပြသခြင်းဖြစ်ကြောင်း သိရသည်။

 

ရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ရုပ်ရှင်ကား ၉ ကားကို မင်္ဂလာရုပ်ရှင်ရုံ စင်ထရယ်ပွိုင့်တွင် ပြသမည်ဖြစ်ကာ ဥရောပအရှေ့တောင်ပိုင်းဒေသတွင် အထီးကျန် ပျောက်ဆုံးနေရင်း မိမိကိုယ်ကို ရှာဖွေတွေ့ရှိသွားသော ဘယ်လ်ဂျီယံဘုရင်တစ်ပါး၏ ဟာသဆန်ဆန် မှတ်တမ်းရုပ်ရှင် (King of the Belgians) ဇာတ်ကားဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

ရုပ်ရှင်ပွဲတော်အတွင်း ဥရောပနိုင်ငံ ၁၆ နိုင်ငံမှ နာမည်ကြီးဇာတ်ကားပေါင်း ၂၁ ကား ပါဝင်ပြသမည်ဖြစ်ကာ ရုံဝင်ကြေးမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။ ဟာသ၊ ဒရမ်မာ၊ မှတ်တမ်းရုပ်ရှင်မှစ၍ ကလေးများအတွက် ရုပ်ရှင်အထိ အမျိုးအစားစုံ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်လက်မှတ်များကို ပွဲမစမီ တစ်နာရီမှ ၁၅ မိနစ်အလိုအထိ ဦးရာလူစနစ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Kristian Schmidt က ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ “မြန်မာဘုရင်တွေ နန်းစံခဲ့တဲ့ မန္တလေးမြို့နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ King of the Belgians နဲ့ စတင်ပြသသွားမှာပါ။ မြန်မာနိုင်ငံသားတွေကို ဥရောပနိုင်ငံ အချင်းချင်း ကူးလူးဆက်နွယ်နေတဲ့ ခံယူချက်တွေ၊ အကြောင်းအရာတွေနဲ့၊ အနုပညာတွေကို ကြီးမားတဲ့ ဖန်သားပြင်ပေါ်ကတစ်ဆင့် ဥရောပက လူတွေရဲ့ လူနေမှုဘဝတွေကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုပါတယ်။ ဥရောပရုပ်ရှင်တွေအနေနဲ့ အကြောင်းအရာမျိုးစုံ စုံလင်စွာရှိပြီး နောက်ခံယဉ်ကျေးမှုတွေက ဆက်နွယ်မှုရှိနေတာ တွေ့ရမှာပါ” ဟုပြောကြားခဲ့သည်။

 

ရန်ကုန်မြို့တွင် ဇာတ်ကားပေါင်း ၂၀ ကို နေပြည်တော်ရုပ်ရှင်ရုံနှင့် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Goethe Villa တို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ကျင်းပမည့်ရုပ်ရှင်ပွဲတော်ကို အော်စကာဆုရ ပိုလန်ဒါရိုက်တာ Pawel Pawlikowski ရိုက်ကူးထားသော Cold War ရုပ်ရှင်ဇာတ်ကားဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း