၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့် မဲရုံများသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂ ဇွန်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့် မဲရုံများသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုအချိန်ကာလသည် ကမ္ဘာတစ်ဝန်း ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားနေသည့် အချိန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအရ ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့်စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲမကျင်းပမီ (၂) လနှင့် (၂၄) ရက် အလိုတွင် ကြိုတင်ကြေညာပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုလည်း (၄) လ ကြိုတင်ကြေညာပေးခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး သတ်မှတ်ကြေညာသွားမည် ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့်အညီ မဲဆန္ဒနယ်များ လျာထားသတ်မှတ်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရရှိသည့် လူဦးရေစာရင်းများကို ကော်မရှင်က ပေးပို့ထား၍ ကြိုတင်ပြင်ဆင်ထားရန် မှာကြားထားပြီး ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများက တင်ပြသည့် လျာထားမဲဆန္ဒနယ်များကို ကော်မရှင်ကစိစစ်ပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ အတည်ပြုပေးမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ်နိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဖြစ်စေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိပြီးဖြစ်သည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ် စိစစ်ပြင်ဆင်ရာတွင် မဲစာရင်းများ ထပ်နေခြင်း၊ မှားယွင်းခြင်းများ မရှိစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

လက်ရှိအချိန်တွင် ကိုဗစ်−၁၉ ရောဂါ ဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ နေရာဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ၎င်းမဲဆန္ဒရှင်များကို အခြေခံ မဲဆန္ဒရှင်စာရင်းတွင် စိစစ်ထည့်သွင်း သွားရန်လိုအပ်ပါကြောင်း၊ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ အခြေခံမဲဆန္ဒရှင်စာရင်း ရရှိရေးအတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိထားမှသာ မဲရုံအရေအတွက်လျာထားသတ်မှတ်ရာတွင် မှန်ကန်မှုရှိ မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကော်မရှင်အဖွဲ့ခွဲ ရုံးများအတွက် ရုံးသုံးစက်ကိရိယာ ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ အချိန်မီရောက်ရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကာလမှစ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိနေမည် ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် မဲစာရင်းတွင် ပါဝင်စေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များ၊ မဲရုံများ လျာထားသတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ယင်းအစည်းအဝေးကို ဇွန်(၄)ရက်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn