၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဝန်ကြီးဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၅ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဝန်ကြီးဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကိုလည်း သတ်မှတ်ကြေညာပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပပေးရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများ၏ အကူအညီ များစွာလိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိစေရန်နှင့် မဲပေးပိုင်ခွင့် ရှိသည့်နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းစီမံချက်ရေးဆွဲ၍ ၂၀၁၉ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲဆန္ဒရှင်ပေါင်း (၃၇) သန်းကျော် ပြုစုထားရှိပြီး ကော်မရှင်အဖွဲ့ခွဲများက လစဉ် ဖြည့်စွက်၊ ပြင်ဆင်ခြင်းများ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းကိုလည်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ (၂)ကြိမ် ကပ်ထားကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊ မဲစာရင်းကပ်ထားချိန်တွင် မိမိအမည် မဲစာရင်း ပါ/မပါ သွားရောက်ကြည့်ရှုရန် လိုအပ်ပါကြောင်း။

 

မိမိအမည်မပါရှိက ပုံစံ (၃) ဖြင့် ထည့်ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သည့် အမည်များ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် ပါဝင်သည့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄−ဂ) ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ပါကြောင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစဉ်များအပေါ် ကြိုတင်ပြင်ဆင်ပြီး လိုအပ်ချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာအလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ရက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် ကြေညာပေးသွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်သည့်အတွက် ယခင်ရွေးကောက်ပွဲများ၏ အတွေ့အကြုံများအရ လိုအပ်ချက်များရှိပါက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများက အကြံပြုပေးစေလိုပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများအနေဖြင့်လည်း လုပ်ငန်းစဉ်များအလိုက် သက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေရေးရာကိစ္စရပ်များတွင်လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်စိစစ်ခြင်း ကိစ္စရပ်များတွင်လည်းကောင်း တိကျမှန်ကန်မှုရှိစေရေး စိစစ်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျောင်းများတွင် မဲရုံများ ဖွင့်လှစ်နိုင်ရေးနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ ခန့်အပ်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အဆင်ပြေချောမွေ့စေရေး ကြိုတင်ညွှန်ကြားပေး စေလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲ အသိပညာပေးခြင်း များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲလက်မှတ်များ ပုံနှိပ်ခြင်းလုပ်ငန်းကိုလည်း စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းကပ်ထားကြေညာခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆောင်ရွက်သည့် အချိန်များတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများအနေဖြင့် အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညွှန်ကြား ကြီးကြပ်ပေးစေလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများက မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအပေါ် လိုအပ်ချက်၊ အကြံပြုချက်များရှိပါက ဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အကြံပြု တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ပြန်လည်ရှင်းလင်းသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn