(၁၀၅) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဧရာဝတီတိုင်းသား နိုင်ငံကျော်အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲ ပုသိမ်မြို့၌ ကျင်းပသွားမည်

ပုသိမ်  ၈  ဖေဖော်ဝါရီ

 

(၁၀၅) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကာ "ဧရာဝတီတိုင်းသား အနုပညာရှင်များရဲ့ ဂီတပွဲခင်း" အမည်ရှိ ဂီတဖျော်ဖြေပွဲကို ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းအတွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့ညတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖျော်ဖြေပွဲကို နိုင်ငံကျော် ဂီတစာဆို အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေက ဦးဆောင်ကာ ဧရာဝတီတိုင်းသား နိုင်ငံကျော် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားကြမည်ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲအကြိုစကားသံများကို အများပြည်သူ သိရှိနိုင်ရန်ဖော်ပြပေးလိုက်ပါသည်။

 

အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ

ဗိုလ်ချုပ်မွေးနေ့ကို ဧရာဝတီတိုင်းဒေသကြီးကနေပြီးတော့ ထွက်တဲ့ အနုပညာရှင်တွေကနေ ဂုဏ်ပြုဖျော်ဖြေတဲ့ လူထုဖျော်ဖြေပွဲ တစ်ခုပေါ့၊ အဲဒါလုပ်မယ်ဆိုပြီးတော့ ဒီဧရာဝတီတိုင်းဒေသကြီး ကနေ အကြောင်းကြားတဲ့အတွက် ဦးက ဧရာဝတီတိုင်းသားဖြစ်တယ်၊ ဧရာဝတီတိုင်းထဲကနေထွက်တဲ့ အနုပညာရှင်တွေချည်းပဲ ဖျော်ဖြေတင်ဆက်မယ့် ပွဲလုပ်မယ်၊ ကိုယ့်တိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှုက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာမှ ဖျော်ဖြေတင်ဆက်တဲ့ပွဲ ဖြစ်နေတဲ့အတွက် ပါဝင်ဆောင်ရွက်ဖို့ ပဏာမညှိနှိုင်းတာပေါ့နော်။

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ပွဲပေါ့နော်၊ အဲဒီပွဲကို "ဧရာဝတီတိုင်းသား အနုပညာရှင်များရဲ့ ဂီတပွဲခင်း" လို့ခေါင်းစဉ်ကို ဒီလို ပေးထားတယ်၊ ဘာလို့ ဂီတပွဲခင်းလို့ တပ်သလဲဆိုတော့ ဂီတဆိုတာ သီချင်းဆိုတာ ဂီတပဲ၊ ပွဲခင်းဆိုတာ မိုးဒီတို့ ကောင်းစံတို့ပါတဲ့ အငြိမ့်အဖွဲ့ပါသေးတယ်၊ ဂီတနဲ့အငြိမ့် ရောပါအောင်ဆိုပြီးဒီနာမည်လေး ပေးခဲ့တာပါ။

 

အနုပညာရှင်တွေ သီချင်းဆိုတာတွေ ပါမယ်၊ မိုးဒီဟာ ဟင်္သာတသားဖြစ်တဲ့အတွက် ပါမယ်၊ သူတို့က အငြိမ့်နဲ့ဖျော်ဖြေတင်ဆက်မယ်၊ ဧရာဝတီတိုင်းဒေသကြီးကနေထွက်တဲ့ အဆိုတော်တွေပါမယ်၊ သူတို့ အောင်မြင်တဲ့သီချင်းတွေ ဆိုကြမယ်၊ အဲဒီမှာ စနစ်တကျဖြစ်ဖို့အတွက်ရယ်၊ ပရိတ်သတ် စိတ်ဝင်တစားဖြစ်ဖို့ ကောင်းတဲ့ဖျော်ဖြေတင်ဆက်မှုလေးတွေဖြစ်အောင် ဝန်ကြီးချုပ်နဲ့ တွေ့ပြီးတင်ပြ ဆွေးနွေးတာပါ၊ ဝန်ကြီးချုပ်ကလည်း ဝမ်းသာအားရနဲ့လက်ခံကြိုဆိုတယ်ပေါ့၊  ဦးအနေနဲ့ကတော့ ရန်ကုန်မှာလည်း ဒီလိုပွဲတွေ၊နိုင်ငံတော်ပွဲကြီးတွေ စီစဉ်နေတာလေ။

 

ဒါကြောင့်မို့ ကိုယ်တိုင်းမှာလုပ်မယ့်ဒီပွဲကိုလည်း စနစ်တကျနဲ့ခမ်းခမ်းနားနားဖြစ်အောင် လာပြီးတော့ အစီအစဉ်လေးတွေ လာပြောကြတာ၊ ဝန်ကြီးချုပ်ကြီးကိုယ်တိုင်လည်း စိတ်ပါတယ်၊ ဘာလို့စိတ်ပါလည်း ဆိုတော့ ကိုယ့်တိုင်းက ထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှုဖြစ်တဲ့အတွက်ပါ၊ တကယ်တန်းကျတော့ တကယ်ကို ကြည့်ချင်စရာကောင်းတဲ့၊ ပတ်ဆံပေးကြည့်ရတဲ့ပွဲမျိုး၊ လက်မှတ်ရောင်းတဲ့ပွဲမျိုးတွေထက် ထူးခြားတဲ့ပွဲမျိုးဖြစ်တယ်၊ ပရိတ်သတ်တွေလည်း စိတ်ပါဝင်စားမယ်လို့ ယူဆတယ်၊ ဦးကအဲဒီမှာ ထူးထူးခြားခြား ပြောရမယ်ဆိုရင်တော့ ဧရာဝတီတိုင်းအတွက် ဟိုတုန်းကရေးပေးဖူးတယ်၊ အဲဒီသီချင်းကိုပဲ ပြန်လည်ပြင်ဆင် အသံသွင်းပေးပြီး ဖျော်ဖြေရေးအစီအစဉ် စပြီဆိုတာနဲ့ ဝန်ကြီးချုပ်မိန့်ခွန်းပြောအပြီး ‌ကျောင်းသား ကျောင်းသူ အယောက်(၃၀)က "အလှဆုံး ဧရာဝတီ" သီချင်းကို တစ်ပြိုင်တည်းသီဆိုဖွင့်ပြီးတာနဲ့ အဆိုတော်တွေဆိုမယ်၊ အဆိုတော်တွေ ကုန်ပြီဆိုတာနဲ့ အကယ်ဒမီ မိုးဒီရဲ့ ဟာသအငြိမ့်သွားမယ်၊ ည ၇ နာရီကစတာ  နောက်နေ့နံနက် ၁ နာရီလောက် အနည်းဆုံး ဖျော်ဖြေချိန် ၅ နာရီ ၆ နာရီ လောက်ရှိမယ်၊ ပရိတ်သတ်တွေ လာရောက်ပေးကြဖို့ တိုက်တွန်းပါတယ်။

 

ကံ့ကော်တောမျိုးအောင်

ကျွန်တော်တို့ရဲ့ ဧရာဝတီတိုင်းအတွက် ဗိုလ်ချုပ်မွေးနေ့ ဖျော်ဖြေရေးအစီအစဉ်မှာ သီချင်းဆိုပေးပါ့မယ်။ အလင်္ကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေက ဒီအစီအစဉ်ကို အကြောင်းကြားပါတယ်။ ကျွန်တော့် ကိုယ်၌ကလည်း ကိုယ့်ရဲ့ တိုင်းရဲ့ လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ရတာဟာ အင်မတန်လည်း ဂုဏ်ယူဖို့ကောင်းတဲ့အတွက် ဒီအစီအစဉ်ကို လက်ခံပေးခဲ့ပါတယ်။အကောင်းဆုံးလည်း ဖျော်ဖြေပေးချင်ပါတယ်။

 

နောက်တစ်ခုက ဒီလိုပွဲကြီးမျိုးဆိုတာ ကျွန်တော်တို့သိရသလောက် ဧရာဝတီတိုင်းမှာ မလုပ်ခဲ့ဘူးသေးပါဘူး။ ကျွန်တော်ဆိုရင် ပုသိမ်မြို့မှာ မွေးဖွားတယ်၊ ပုသိမ်မှာ ကြီးပြင်းတယ်၊ အဲဒီမှာကျွန်တော်တက်ခဲ့တဲ့ကျောင်းက အမှတ်(၃)အ.ထ.က မှာပါ၊ အဲဒီအတွက်ကြောင့်ကိုယ့်ရဲ့ပုသိမ်မှာ မြို့နဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီး ကျေးဇူးဆပ်ချင်တယ်၊ ဂုဏ်ပြုချင်တယ်။ အခု ဒီအစီအစဉ်လေးကို လုပ်မှာဆိုတော့ စိတ်ထဲမှာ စိတ်အားထက်သန်နေပါတယ်၊ အားရပါးရလည်း ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

 

တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း

ကျွန်တော်တို့အစိုးရတက်လာမှ ဖေဖော်ဝါရီ(၁၃)ရက်နေ့ရောက်တိုင်းရောက်တိုင်းမှာ အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖြစ်ပါတယ်၊ ဒီနှစ်မှာလည်းပဲထူးထူးခြားခြား ဆောင်ရွက်မယ့် အနေအထား ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီတိုင်းမှာဆိုလို့ရှိရင် ထူးချွန်ထင်ရှား ပုဂ္ဂိုလ်တွေတော်တော် များပါတယ်၊ အနုပညာနယ်ပယ်မှာ တော်တော်လေး တွေ့နေရတယ်၊ အဲဒါကြောင့်မို့ ဒီနှစ်မှာတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က စီစဉ်ထားတာက ဧရာဝတီတိုင်းကနေ ကျော်ကြားတဲ့ အနုပညာရှင်တွေ ဖိတ်ခေါ်ပြီး ဗိုလ်ချုပ်ဂုဏ်ပြုပွဲလေး လုပ်မယ်လို့ စီစဉ်ထားတယ်၊ အဲဒီမှာ ဟင်္သာတဦးမြင့်ငွေတို့က ဦးစီးပြီး ဧရာဝတီတိုင်းက အနုပညာရှင်တွေက ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်၊ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ရဲ့မွေးနေ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့ ဆိုတာလေးကို အားလုံးကျယ်ကျယ်ပြန့်ပြန့် ကလေးတွေပါသိအောင် ဗိုလ်ချုပ်ကိုသတိရနေအောင် ကျွန်တော်တို့ နှိုးဆော်တဲ့ အခမ်းအနားလေးပဲ ဖြစ်ပါတယ်၊ နောက်တစ်ခုက ဧရာဝတီတိုင်းမှာ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ ဗိုလ်ချုပ်ကဲ့သို့ အရည်အချင်းတွေ၊ဗိုလ်ချုပ်ကဲ့သို့ ကြိုးစားချင်စိတ်တွေရှိအောင် ကလေးတွေ တက်ကြွလာအောင် ဖေဖော်ဝါရီ(၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ဆိုတာလေးကို ကလေးတွေကို သိစေချင်လို့ ဒီပွဲကို ကျင်းပပေးရခြင်း ဖြစ်ပါတယ်။

 

ဒီဖျော်ဖြေရေးအစီအစဉ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ပဲ လုပ်တာပါ၊ ရန်ပုံငွေကောက်ခံ တာတို့၊ နောက်တစ်ခါ ကြည့်ရှုခွင့်ငွေယူတာတို့မရှိပါဘူး၊ လွတ်လပ်စွာပျော်ရွှင်နိုင်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

 

နောက်တစ်ခါ ဖေဖော်ဝါရီ(၁၃)ရောက်တိုင်းမှာ ဒီနေ့ကတော့ ဗိုလ်ချုပ်မွေးနေ့ပါလား သတိရနေအောင်လို့ သူ့ရဲ့ကြိုးစားမှု၊ လှုပ်ရှားမှု၊ စိတ်ဓာတ်ကို တက်ကြွစေမယ့် သီချင်းတွေ ဖျော်ဖြေခြင်းအားဖြင့် ကလေးတွေရဲ့ မျက်လုံးထဲမှာဗိုလ်ချုပ်ကို သတိရစေချင်တာပါ။

 

အဆိုပါ ဂုဏ်ပြုဖျော်ဖြေပွဲ၌ ဧရာဝတီတိုင်းသား နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြသည့် အလင်္ကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေ၊ ဝါးခယ်မ ရဲမောင်၊ ကံ့ကော်တောမျိုးအောင်၊ မေရွက်ဝါ၊ အကယ်ဒမီ မိုးဒီ ဦးဆောင်သော ကောင်းစံ၊ စံလင်း၊ အိရွှေစင်မွန်း(ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်) အငြိမ့်အဖွဲ့၊ အဆိုတော် ညိုမြလေး၊ ဦးရန်ပိုင်စိုး၊ ယုဇန၊ ခင်ပိုးပန်းချီနှင့် Myanmar idol အဆိုရှင်များဖြစ်ကြသည့်  ဇော်ကြီး၊ နှင်းအိအိဝင်း တို့က ဂုဏ်ပြုတေးသီချင်းများ၊ အကပဒေသာဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း ၊ ဝင်းကြိုင်၊ စိုးမင်းဦး

ဓာတ်ပုံ ၊ နေဝင်း(ပြန်/ဆက်)