မိုးရာသီတွင် စိန်တစ်လုံးသရက်ပျိုးပင်များ ရောင်းအားကောင်း

စဉ့်ကိုင် ၂၆ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်နှင့် အခြားဒေသများတွင် သရက်ပျိုးပင်များကို တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ လက်ရှိကာလ မိုးရာသီတွင် စိန်တစ်လုံး သရက်ပျိုးပင်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

စိတ်တစ်လုံးသရက်ပျိုးပင် ရောင်းချရာတွင် အပင်သက်တမ်းအလိုက် ဈေးနှုန်းအမျိုးမျိုးရှိသည်။ သက်တမ်းနုသည့် စိန်တစ်လုံး အပင်သေးတစ်ပင်လျှင် ငွေကျပ်သုံးရာမှ စတင်ကာ သက်တမ်းအလိုက် အပင်တစ်ပင်လျှင် ငွေကျပ် ၅၀၀၊ ၁၀၀၀၊ ၁၅၀၀ မှ ၂၅၀၀ ကျပ်အထိ ရှိသည်။ ၂၅၀၀ ကျပ်တန် စိန်တစ်လုံးသရက်ပျိုးပင်မှာ သုံးနှစ်သက်တမ်းရှိသည့် ပျိုးပင်များဖြစ်သည်။

ပျိုးပင်ရောင်းချသူအများစုမှာ သရက်မျိုးစုံကို အဓိကထားပျိုးကာ ရောင်းချကြသည်။ စိန်တစ်လုံးပျိုးသူများမှာ နှစ်စဉ် ကဆုန်လမှစတင်ကာ စိန်တစ်လုံးမှည့်ချိန်တွင် သရက်ခြံများအတွင်း ရှဉ့်ကိုက် ငှက်ကိုက် သရက်သီးများကို ဝယ်ယူကာ သရက်စေ့စုဆောင်းပြီး ပျိုးထောင်ကြရသည်။ ပျိုးခြံများတွင် တစ်နှစ်ပတ်လုံး အပင်ပျိုးသူများကို ငှားရမ်းပျိုးထောင်ကြရသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် သရက်ပျိုးပင်များ ရောင်းအားကောင်းလျက်ရှိသည်။ မြန်မာနိုင်ငံအနှံ့ ကားများဖြင့် တင်ပို့ပေးနေရပြီး ပျိုးခြံအထိ လာရောက်ဝယ်ယူသူ များပြားလျက်ရှိကြောင်း ဖူးပွင့်ပျိုးပင် အရောင်းဆိုင်ပိုင်ရှင် ကိုဇော်မျိုးထွန်းထံမှ သိရသည်။

တိမ်တမန်