တေးဗီဒီယိုသစ်နဲ့ စံချိန်သစ်တွေတင်နိုင်ခဲ့တဲ့ BLACK PINK

၂၈ ဇွန်

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACK PINK ဟာ လတ်တလောထုတ်လွှင့်ပေးခဲ့တဲ့ အဖွဲ့ရဲ့တေးဗီဒီယိုသစ်နဲ့ ဂီတခရီးမှာ မှတ်တိုင်သစ်တွေ ထပ်မံစိုက်ထူနိုင်ခဲ့ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တဲ့ အဖွဲ့ရဲ့တေးဗီဒီယိုသစ် How You Like That ဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှု သူ အများဆုံးသော တေးဗီဒီယိုတစ်ခုဖြစ်ခဲ့ပြီး ၂၄ နာရီအတွင်းမှာပင် ယူကျုပေါ် ကနေတစ်ဆင့် ကြည့်ရှုခဲ့သူ သန်း ၈၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ တေးဗီဒီယိုဟာ ဇွန် ၂၇ ရက်မှာ ကြည့်ရှုသူ သန်း ၉၀ ပြည့်မြောက်ခဲ့တာကြောင့် ကေပေါ့ပ်တေးသီချင်းတွေအနက် ကြည့်ရှုသူ သန်း ၉၀ အမြန်ဆုံးရရှိခဲ့တဲ့ တေးဗီဒီယိုအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

 

အဆိုပါတေးဗီဒီယိုမှာ အဖွဲ့ဝင်တွေဝတ်ဆင်ခဲ့ကြတဲ့ ကိုရီးယားရိုးရာဝတ်စုံ ကို ပြန်လည်ဆန်းသစ်ထားတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားမှုတွေအပေါ်လည်း လှပ ကြောင်း ပရိသတ်တွေက လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

 

အေးပြည့် - စုစည်းသည်