ရှစ်နှစ်ကြာတစ်နေ့ထမင်းတစ်နပ်သာ စားခဲ့ရကြောင်း ယူအီးဖွင့်ဟ

၁၆ ဇွန်

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကေပေါ့ပ်ကြယ်ပွင့် တစ်ဦးမှသည် သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အောင်မြင်နေတဲ့ ယူအီးက သူ့ရဲ့အနုပညာခရီးအစမှာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် တစ်နေ့ကို ထမင်းတစ်နပ်တည်း စားခဲ့ရကြောင်းနဲ့ ဒီလိုစားခဲ့ရတာ ရှစ်နှစ်ခန့် ကြာမြင့်ခဲ့ ကြောင်း လတ်တလောပြုလုပ်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဇွန် ၁၂ ရက်က ထုတ်လွှင့်ခဲ့တဲ့ I Live Alone အစီအစဉ်မှာ ယူအီးက အဆိုပါအကြောင်းအရာကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူအီးက သူခံစားခဲ့ရတဲ့ ဝမ်းဗိုက်နာကျင်မှုတွေဟာ တစ်နေ့ ထမင်းတစ်နပ်တည်း စားခဲ့ရခြင်းနဲ့ သက်ဆိုင်နေကြောင်းလည်း ဆိုပါတယ်။

 

ယူအီးဟာ အမျိုးသမီးတေးဂီတအဖွဲ့ After School ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် တေးဂီတလောကအတွင်း စတင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပရိသတ်တွေထံမှ သူ့ရဲ့ဝမ်းဗိုက်နဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ ဝေဖန်မှုတွေ များစွာရရှိခဲ့တာကြောင့် ကိုယ်အလေးချိန်လျှော့ချခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ဆောင်နေရာက ပါဝင် ချိန်မှာတော့ ယူအီးဟာ အတော်လေး ပိန်နေတာကြောင့် ပရိသတ်တွေက သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြ ခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

အေးပြည့်