ဒီးမော့ဆိုမြို့နယ်တွင်  သီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးစေရန်အတွက် ပျားများဖြင့် ဝတ်မှုန်ကူးဆောင်ရွက်လျက်ရှိ

ဒီးမော့ဆို ၂၇  ဇန်နဝါရီ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများစိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးပွားလာ စေရန်အတွက် မြို့နယ်ပျားလုပ်ငန်းဌာနမှ ပျားအုံများချထားပြီး ပျားများဖြင့် ဝတ်မှုန်ကူး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများ စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများတွင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းအားဖြင့် သဘာဝနှင့် နှိုင်းယှဉ်လျှင် သီးနှံအထွက်နှုန်း ပိုမိုတိုးပွားလာသည်ကို တွေ့ရှိရပြီး တောင်သူများအနေဖြင့် ၎င်းတို့စိုက်ပျိုးထားသော စိုက်ခင်းများတွင် ပျားများလာရောက်မွေးမြူကြရန် ဖိတ်ခေါ်သည့်အတွက် ဌာနအနေဖြင့် ယခုလို ပျားအုံများ ချထားပေးကာ သီးနှံအထွက်နှုန်း တိုးပွားလာစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပျားလုပ်ငန်းဌာန ဦးစီးအရာရှိ ဦးခင်မောင်တင် က ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ပျားလုပ်ငန်းဌာနမှ တောင်သူများစိုက်ပျိုးထားသော သီးနှံများတွင် ပျားများဖြင့် ဝတ်မှုန်ကူးနိုင်ရန်အတွက် ဆောင်းနေကြာစိုက်ပျိုးသော ကြာဖူးတောနှင့် သေးဆူလဲကျေးရွာတို့တွင် ပျားအုံ ၁၅၀ ၊ နှစ်စဉ်စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသော ကုန်းသာကျေးရွာတွင် ပျားအုံ ၃၀ နှင့် နှစ်ရှည်ပင် စိုက်ပျိုး ထားသော ဒေါငံခါးကျေးရွာတွင် ပျားအုံ ၁၀၀ ချထားပေးပြီး တောင်သူများ၏ သီးနှံအထွက်နှုန်း တိုးပွားလာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)