အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

မန္တလေး  ၂၆ ဇန်နဝါရီ

(၇၁) နှစ်မြောက် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့ အခမ်းအနားကို မန္တလေးချမ်းမြသာစည်မြို့နယ် မြို့သစ်ရှိ အိန္ဒိယဂေဟာတွင် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

‌ေ

 

အခမ်းအနားသို့ ကောင်စစ်ဝန်ချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ မန္တလေးမြို့နယ်နှင့် အထက်မြန်မာပြည်မြို့များဖြစ်သည့် တောင်ကြီး၊ သာစည်၊ တမူး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း၊ ရွေဘို၊ ကျောက်ဆည်၊ပြင်ဦးလွင်၊ မိုးကုတ်၊ မိထ္ထီလာ၊ မြင်းခြံ၊ လားရှိုး စသည့်မြို့တို့မှ အိန္ဒိယမျိုးနွယ်စုများနှင့် မိတ်ဆွေများ၊ IT လုပ်ငန်းနှင့် India Company များတွင် အလုပ်လုပ်နေကြသော အိန္ဒိယလူမျိုးများ၊ ကုန်သည်ကြီးများ၊ မန္တလေးမြို့မှ ဘာသာရေး လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာ သတင်းစာဆရာကြီးများ၊ ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အဆိုအကအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၅၀ဝ ကျော် တက်ရောက်ကြသည်။

 

‌ေ

 

 ရှေးဦးစွာ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora မှ ဦးဆောင်၍ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ အစီအစဉ်အတိုင်း အိန္ဒိယနိုင်ငံတော် အလံကို လွှင့်တင်ပြီး အိန္ဒိယနိုင်ငံ သမ္မတကြီး၏ မိန့်ခွန်းကိုဖတ်ကြားရာ မိန့်ခွန်းတွင် လွန်ခဲ့သော နှစ် ၇၀ က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ခေါင်းဆောင်တို့၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အိန္ဒိယပြည်သူများက နိုင်ငံ၏လွတ်လပ်မျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျား မ သာတူညီမျှရှိမှုတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင် ဖော်ဆောင်ခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံ နယ်နမိတ်ဖြစ်သည့် တမူး-မိုးရေး နယ်စပ်တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံလုံးမှ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး ကိုယ်စားလှယ်များ၊ ဆေးကုသရေး ခရီးသွားလုပ်ငန်း၊ ဘုရားဖူး ခရီးသွားနှင့်ပြည်သူများ အပြန်အလှန် ကူးသန်း ဆက်စပ်မှုများကို နယ်စပ်အသုံးပြုခြင်းအားဖြင့် ပိုမိုများပြားစွာ လုပ်ဆောင်နိုင်ကြောင်း ပါရှိသည်။

 

‌ေ

 

ထို့နောက် မန္တလေးမြို့ပေါ်မှ အဆိုအကအဖွဲ့တို့က ယဉ်ကျေးမှု အကသီချင်းများ၊ ဇာတိမာန်တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေသီဆိုကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြကာ တက်ရောက်လာသည့် ဧည့်သည်တော်များအား အိန္ဒိယအစားအစာဖြင့် ဂုဏ်ပြုကျွေးမွေး ဧည့်ခံကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)