ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်ရှု

အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်း ဝင်္ကပါရေလယ်ကျောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ “ဓမ္မဇောတိ” ဝိပဿနာရိပ်သာ၌ ခေတ္တခဏ ဝိပဿနာတရား ရှုပွားအားထုတ်ခဲ့သည်ဆိုသောသတင်းတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွက် ထုတိဩဘာမင်္ဂလာအပေါင်းခညောင်းသော ထူးခြားဖြစ်စဉ် သတင်းတစ်ပုဒ်အဖြစ် ပြက်ပြက်ထင်ထင်တွေးဆဆင်ခြင်မိလေ၏။

ဧည့်သည်တော် သမ္မတကြီးကိုဗင့်ဒ်သည်ကား ကျွန်ုပ်တို့၏ အိမ်နီးချင်း နှစ်နိုင်ငံအတွက် လောကီ အကျိုးစီးပွားကိုသယ်ပိုးဆောင်ကြဉ်းလာသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်သာမက “လောကုတ္တရာ” အကျိုးစီးပွားကိုပါ သယ်ပိုးဆောင်ကြဉ်းလာသူအဖြစ် စံနမူနာပြသနိုင်သူပါပေတည်း။

ကျွန်ုပ်တို့၏ နိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးကြွရောက်ခဲ့ကြသူနိုင်ငံတကာမှ အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံ့အကြီးအကဲတစ်ဦးဝိပဿနာတရား စီးဖြန်းသည်ဆိုသောသတင်းမှာ မြန်မာ့ “လောကုတ္တရာ အသိုက်အဝန်း” အတွင်း ထူးခြားလေးနက်မှု ဖြစ်ရပေသည်။

လောကီအကျိုးစီးပွားအမြင်လည်းရှိ၊ လောကုတ္တရာအကျိုးစီးပွားအမြင်လည်းရှိပါမှ “နှစ်ဖက်မြင်” ဟူဘိသို့ပင် သမ္မတကြီးကိုဗင့်ဒ်သည်ကားနှစ်ဖက်မြင်ပုဂ္ဂိုလ်အဖြစ် တစ်ပြိုင်နက် တစ်ချက်တည်း အကျိုးစီးပွားနှစ်ရပ်ကို သယ်ပိုးခဲ့ပုံမှာ မြန်မာနိုင်ငံခရီးစဉ်က သိကြားစေသက်သေညွှန်းခဲ့လေပြီ။

မင်္ဂလာတရားနှင့်အညီ 

သမ္မတကြီးကိုဗင့်ဒ်သည် “မင်္ဂလာတရား” ၃၈ ပါးနှင့်အညီပင်ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း၊ လောကီ၊လောကုတ် အကြားအမြင်များခြင်း၊ အနှောင့်အယှက် ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်း၊ သုစရိုက်တရားကိုကျင့်ခြင်း၊ အပြစ်ကင်းသောအမှုတို့ကို ပြုခြင်း၊ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ မကောင်းမှုမဖြစ်အောင် ကိုယ်၊နှုတ်၊စိတ်ဖြင့် ရှောင်ခြင်း၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ မပေါ့မဆရှိခြင်း၊ သင့်လျော်သောအခါ၌ တရားစီးဖြန်းခြင်း၊တရားဆွေးနွေးခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ သစ္စာလေးပါးကိုသိခြင်း၊ ကိလေသာမြူကင်းခြင်း အစရှိသည့် မင်္ဂလာတရားနှင့်အညီဖြည့်ဆည်းနေသူဖြစ်တန်ရာ၏။

သမ္မတကြီးကိုဗင့်ဒ်သည် သူ၏ခရီးစဉ်အတွင်း “လောကီအကျိုးစီးပွား” အလို့ငှာ နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေတည်ကာ အပြန်အလှန်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ကို ဖော်ဆောင်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားကြရန် ကတိကဝတ်ပြုခဲ့သည်ကို ကျွန်ုပ် အလေးမူမိ၏။

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပေါင်းကူးတံတားသဖွယ်တည်ရှိနေသော မြန်မာနိုင်ငံသည် မဇ္ဈိမဒေသ၏ အထင်ကရဒီမိုကရေစီနိုင်ငံတော်ကြီးနှင့် မဟာဗျူဟာမြောက် နီးကပ်စွာတည်ရှိနေခြင်းကြောင့်ယင်းနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” အကောင်အထည်ဖော်ရေးတွင် အပြန်အလှန်အထောက်အကူ ဖြစ်စေမည်ဆို၏။

အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက်သီးသန့် ကိုတာခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်း ကောင်းစိတ်ဓာတ်ဖြင့် အပြန်အလှန်ဒီဇင်ဘာ ၁၆၊ ၂၀၁၈ Dဇင်ဘာ ၁၆၊ ၂၀၁၈ ရိုင်းပင်းကူညီရေးတို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ်ဘက်စုံစီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့သည်ဟု ကျွန်ုပ်လေ့လာသိရှိရလေသည်။

နှစ်နိုင်ငံချိတ်ဆက်မှု 

သူ၏ခရီးစဉ်အတွင်း တရားရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အရေးပါသည့် စိုက်ပျိုးရေးကဏ္ဍ စွမ်းရည်မြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အပံ့များ ပံ့ပိုးခြင်းတို့ကို ဆက်လက်ပေးအပ်လျက်ရှိပုံကို ထင်ဟပ်ပြသခဲ့သည်။

မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများ၊ မိတ်ဖက်များ ရှာဖွေချိတ်ဆက်နိုင်ရန် အိန္ဒိယကုန်စည်ပြပွဲကို သမ္မတကိုဗင့်ဒ်က ဖွင့်လှစ်ပေးခဲ့လေသည်။ အိန္ဒိယကမ္ဘာလှည့်ခရီးသည်များအား ဒီဇင်ဘာ ၁ ရက်မှ အစပြု၍ “ဆိုက်ရောက် ဗီဇာ” လျှောက်ထားခွင့်ပြုကြောင်း မြန်မာအစိုးရကထုတ်ပြန်ကြေညာခဲ့ခြင်းမှာလည်း ထူးခြားလှပေသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အိန္ဒိယအစိုးရကအပြည့်အဝ အားပေးထောက်ခံလျက်ရှိပြီး ဆက်လက်၍အကူအညီပေးမည်ဟုဆိုသည်။

ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မြန်မာ-အိန္ဒိယနယ်စပ်လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးတို့တွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

နှစ်နိုင်ငံလုံခြုံရေးအဖွဲ့အစည်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်၊ကုန်သွယ်မှုနှင့် ပေါင်းစည်းဆက်နွှယ်မှုကဏ္ဍများတွင် မိတ်ဖက်ပြုဆောင်ရွက်ရေးတို့အတွက် သဘောတူညီခဲ့ကြသည့်အပြင် မြန်မာတရားရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကို ပူးတွဲဆောင်ရွက်နေပြီး ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်၍ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

နယ်စပ်ဖြတ်ကျော်စီမံကိန်းများ၊ လမ်းဖောက်လုပ်ရေးစီမံကိန်းများ၊ တံတားတည်ဆောက်ရေး စီမံကိန်းများတွင် လည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး ကုန်းလမ်းနယ်စပ်ဖြတ်သန်းသွားလာရေး သဘောတူညီချက်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြလေသည်။

ကလေးမြို့လေဆိပ်အား အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နယ်စပ်ဈေးများ ဆောလျင်စွာဖွင့်လှစ်သွားရေး၊ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ထောက်ပံ့မှုကွန်ရက်များ ပေါင်းစည်းရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

နှစ်နိုင်ငံအကြား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မျှဝေခံစားလျက်ရှိကြကာ ပုဂံဒေသရှိ စေတီတော်များအား ပြုပြင်ထိန်းသိမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်ရှု 

မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း “ဓမ္မဇောတိ” ရိပ်သာတွင်ခေတ္တခဏ ဝိပဿနာတရားရှုပွားခဲ့သူ သမ္မတကြီး ကိုဗင့်ဒ်သည် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်၊ ကမ္ဘာ့သာသနာပြုပုဂ္ဂိုလ်၊ ဓမ္မသားကောင်းရတနာဂုရုကြီး ဦးဂိုအင်ကာ (၃၀-၁၂-၁၉၂၄ မှ ၂၉-၉-၂၀၁၃)အား ဦးထိပ်ပန်ဆင်ကာ မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးအတိတ်ကောင်း၊ နိမိတ်ကောင်းကိုလှစ်ဟနိုင်သူအဖြစ် ကျွန်ုပ်ရှုမြင်မိ၏။

မန္တလေးဇာတိဖွား ဂုရုကြီးဦးဂိုအင်ကာသည် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားလမ်းတွင် “ဓမ္မဇောတိ” ရိပ်သာကို စတင်ထူထောင်ခဲ့ပြီး ကလေးများပင်မကျန် “အာနာပါန” ရှုမှတ်ပွားများနိုင်စေရန် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့သူဖြစ်သည်။

အမေရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသတို့ရှိ နိုင်ငံပေါင်း ၉၀ ကျော်တွင် ဘာသာစကား ၅၄ မျိုးဖြင့် ဝိပဿနာရိပ်သာပေါင်း၂၀ဝ ကျော်၊ တရားပြဆရာ ၁၅၀ဝ ကျော် မွေးထုတ်ကာ တရားအလှူပေးခဲ့သူ ဂုရုကြီး၏ အံ့မခန်းဖွယ် သာသနာပြုလုပ်ငန်းစဉ်ကို သမ္မတကြီး ကိုဗင့်ဒ်ကမြန်မာပြည်သူများအား မီးမောင်းထိုးပြခဲ့သည်ဟုတွေးတောမိရင်း “ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်ရှု” ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။ ။