လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

တာချီလိတ်   ၂၅   စက်တင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ် ဝင်ပေါက်မှ နေရပ်ပြန် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၄ ဦး ယမန်နေ့က လာအိုနိုင်ငံ မဲခေါင်မြစ် မိုင်းမောဆိပ်ကမ်းမှ ဝမ္ပုံ ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြပြီး  ကျန်းမာရေး စစ်ဆေးခြင်း နှင့် အပူချိန်တိုင်းတာခြင်း ပြုလုပ်ခဲ့ကြကာ ခရိုင်/မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ကိုဗစ် -၁၉ နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် နှင့် mask များကို ပေးဝေခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက နေရပ်ပြန်ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် စာရင်းများကောက်ယူပြီး ကျန်းမာရေး အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးကာ မိမိနေထိုင်ရာ ဒေသအသီးသီးသို့ မော်တော်ကားများ စီစဉ်ပေးကာ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)