ရှမ်းရွာသစ်မြို့တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် ၂၅ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် မြို့အတွင်းရှိ ကျေးရွာ (၅)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါစီမံကိန်းလုပ်ငန်းသည် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ကာ ချက်ခြင်းလုပ်အားပေးချေစနစ်ဖြင့် မဲကတောခီးကျေးရွာ၊ ကွီးလော်ဖလိုးကျေးရွာ၊ ထီးကနဲကျေးရွာ၊ ခလော့ဒေးကျေးရွာနှင့် ကွီးလေးကျေးရွာတို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း(၁)ခု၊  လမ်းဘေးဝဲယာရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၄)ခု၊ ကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်း (၁)ခု၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း(၁)ခုနှင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း (၁)ခု တို့အား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)

 

mdn