လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ကိုးပွဲဆက်အနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက်ဖိအားပေး

ရန်ကုန် ၂၄ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ကိုးပွဲဆက်အနိုင်ရပြီး ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် နိုင်ပွဲဆက်နေသည့် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ကိုးပွဲဆက်အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဆုကာကွယ်နိုင်ရန် ဇယားထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ဧရာဝတီအသင်းသည် ယခုရာသီ ပထမဆုံးရှုံးပွဲနှင့်အတူ ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရပြီး လက်ကျန်နှစ်ပွဲတွင် ဆက်လက်ရုန်းကန်ရတော့မည်ဖြစ်သည်။

နိုင်ပွဲဆက်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သလို ဧရာဝတီအသင်းကလည်း လူစုံနီးပါးအသုံးပြုခဲ့သည်။ ခြေစွမ်းအရရော ကစားသမားအင်အားအရပါ ကွာခြားမှုမရှိသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ပွဲအစ သုံးမိနစ်မှာပင် ဦးဆောင်ဂိုးရခဲ့သည်။ ယင်းဂိုးကို နန္ဒကျော်က ပြစ်ဒဏ်ဘောမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဧရာဝတီအသင်းက ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကလည်း အဆင့်ဆင့်ပိတ်ဆို့ကာ ဖျက်ထုတ်ခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲတွင် ကွင်းလယ်ကစားပုံအားနည်းချက်ရှိနေပြီး ကစားသမားများမှာလည်း စိုးရိမ်စိတ်ဝင်သောကြောင့် တိုက်စစ်ကစားပုံမှာ လိုအပ်ချက်ရှိခဲ့သည်။ ထို့ကြောင့် ဧရာဝတီအသင်းသည် ပထမပိုင်းပြီးခါနီးမှစတင်ကာ ကစားသမားများပြောင်းလဲခဲ့ပြီး ဒုတိယပိုင်းအစတွင်လည်း ဂိုးပြန်ရရန် တိုက်စစ်မြင့်ခဲ့သည်။ ၅၉ မိနစ်တွင် ဧရာဝတီအသင်း ဂိုးပြန်ရခဲ့ပြီး သီဟဇော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ သရေကျပြီးနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး လေးမိနစ်အကြာတွင် ရှမ်းယူနိုက်တက်အသင်း အနိုင်ဂိုးရခဲ့ကာ တိုက်စစ်မှူးဇင်မင်းထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးထပ်ပေးလိုက်ရသည့် ဧရာဝတီအသင်းသည် ဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းခြင်းနှင့် ရှမ်းဂိုးသမား မျိုးမင်းလတ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းတို့ကြောင့် ပထမဆုံးအရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ နာမည်ကြီးရန်ကုန်အသင်းသည် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယခုပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးသုံးသင်းစာရင်းမဝင်တော့ဘဲ အဆင့် (၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယမန်နေ့က ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုး၊ စစ်ကိုင်းအသင်းက အားကာသိပ္ပံအသင်းကို သုံးဂိုး-တစ်ဂိုး၊ Southern အသင်းက မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ် (၁၈) အပြီးတွင် ဟံသာဝတီအသင်းက ရမှတ် ၄၀ ဖြင့် ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဧရာဝတီအသင်းက ၃၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၈ မှတ်၊ ရန်ကုန်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၁၉ မှတ်၊ ရခိုင်အသင်းက ၁၈ မှတ်၊ စစ်ကိုင်းအသင်းက ၁၆ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက ခုနစ်မှတ်တို့ ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်