ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီပိတ်သိမ်းမည့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများအတွက် ပိတ်ရက်ကာလ လုပ်ခ၊ လစာ ထောက်ပံ့ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၂၁  စက်တင်ဘာ 

 

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းယာယီပိတ် သိမ်းမည့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူချုပ်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌနှင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် အလုပ်ရှင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲအတည်ပြုလူနာများ များပြားလာသဖြင့် ရောဂါကူး ဆက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ) တွင်နေထိုင်သည့်ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့ပြီး ဖြစ်ကြောင်း။

 

သို့ဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းရှိ အလုပ်သမားနှင့်ပတ်သက် ဆက်ဆံသည့် မိသားစုဝင်များအား ချမှတ်ထားသည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ တိကျစွာလိုက်နာလုပ်ဆောင်ရေး အလေးထား လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြော ကြားလို ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှစ၍ ရက်သတ္တပတ် ၂ ပတ်ခန့် ယာယီပိတ်သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့်ပတ်သက်၍ UMFCCI ဥက္ကဌနှင့်တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေး ကြရန်နှင့်ကောင်းမွန်သည့် အကြံဉာဏ်များရှိပါက ပေးကြရန်နှင့်လုပ်ငန်းရှင်များ အနေဖြင့် ရှေ့ဆက် လက်ပူးပေါင်းလုပ်ဆောင် မည့်အစီအစဉ်များနှင့် ကြေညာချက်အပေါ် သဘောထားအမြင်များ၊ အကြံဉာဏ်များကို ပွင့်ပွင့် လင်းလင်းပေးအပ်သွားကြရန်ဖြစ်ပါကြောင်း။

 

နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလအား ၂ ပတ် သတ်မှတ်ထားပါကြောင်း၊ ပြည်သူအားလုံးမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာ ဆောင်ရွက် သွားပါကရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျသွားနိုင် မည်ဖြစ်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခိုင်အမာပြောကြားထားရှိပါ ကြောင်း။

 

ထို့ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းကို အားလုံးသိရှိ နားလည်ကြမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် စက်ရုံ၊အလုပ်ရုံများ ယာယီပိတ်သိမ်းရသည့်အတွက် အလုပ်လက်မဲ့ဖြစ် ပွားသည့် အလုပ်သမားများအတွက် လုပ်ခလစာ၊အခကြေးငွေများကို မည်ကဲ့သို့ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက်လုပ်ငန်းရှင်များနှင့် ယခုကဲ့သို့ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ် သမားများအတွက် လူမှုရေးထောက်ပံ့ကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများ အတွက် နိုင်ငံတော်အစိုးရမှလည်း ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိရာ အလုပ်ရှင်များကလည်း ပူးပေါင်းပြီး အလုပ်သမားများအား တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း UMFCCI မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး အလုပ်သမားများအပေါ်မည် ကဲ့သို့ ထောက်ပံ့ကူညီ ဆောင်ရွက်သွားမည်ကို ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေး သွားကြစေလိုကြောင်းပြောကြားသည်။

 

ထို့နောက် UMFCCI ဥက္ကဌနှင့်တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက် အလုပ်ရှင်ကိုယ်စားလှယ်များက လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့်အခက်အခဲ များ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ မရှင်းလင်းသည့် အချက်များ၊ အကြံပြုချက်များနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် UMFCCI ဥက္ကဌက အလုပ်သမားများအား (Stay at Home) နေထိုင်ရမည့် အလုပ်ရပ်နားထားရသည့် ကာလ အတွင်း ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဆွေးနွေး၍ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

သတင်းစဉ်