ကိုဗစ်-၁၉ ရောဂါကြောင့် MNL ပွဲစဉ် (၁၉) နှင့် (၂၀) ကျင်းပမည့်ရက် ပြောင်းလဲ

၂၁ စက်တင်ဘာ

မြန်မာနေရှင်နယ်လိဂ်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပလျက်ရှိသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်နှစ်ခုဖြစ်သည့် ပွဲစဉ် (၁၉) နှင့် (၂၀) ကျင်းပမည့်ရက် ပြောင်းလဲခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို အမြန်ဆုံးပြီးစီးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး လက်ကျန်ပွဲစဉ် သုံးခုအနက် ပွဲစဉ် (၁၈) ကို ပုံမှန်အတိုင်း စက်တင်ဘာ ၂၃၊ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သော်လည်း ပွဲစဉ် (၁၉) နှင့် (၂၀) ကို ရက်ရှေ့တိုးကာ ကျင်းပသွားမည်ဖြစ်သည်။ ပြောင်းလဲလိုက်သည့်
ပွဲစဉ်အနေအထားအရ ပွဲစဉ် (၁၉) ကို စက်တင်ဘာ ၂၆၊ ၂၇ ရက်၊ ပွဲစဉ် (၂၀) ကို စက်တင်ဘာ ၂၉၊ ၃၀ ရက်၊ အောက်တိုဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်(၂၀) ကျင်းပမည့်ကွင်းများကို
ပြန်လည်ထုတ်ပြန်မည်ဖြစ်ပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည့် ဟံသာဝတီနှင့် ဧရာဝတီပွဲ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် သုံးပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် ၃၉ မှတ်ရထားသည့် ဧရာဝတီအသင်း၊ ၃၇ မှတ်ရထားသည့် ဟံသာဝတီအသင်း၊ ၃၅ မှတ်ရထားသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး ရမှတ် ၃၀ ရထားသည့် ရန်ကုန်အသင်းမှာမူ အခွင့်အရေးအနည်းငယ်ရှိနေဆဲဖြစ်သည်။

သတင်း-ဖိုးသော်ဇင်