မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်း မင်းဘူး(စကု)မြို့နယ်၌ ဆောင်ရွက်

မင်းဘူး ၁၇  စက်တင်ဘာ                     

           

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ မျိုးကွဲနှုတ်ပယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

 

မျိုးစေ့ထုတ် တောင်သူများ အနေဖြင့် မျိုးကွဲနှုတ်ပယ်ခြင်းများ ဆောင်ရွက်ရာ၌ မျိုးကောင်း၊ မျိုးသန့်များ ရရှိနိုင်စေရန်အတွက် စိုက်ပြီးနှစ်ပတ်အတွင်း ပေါင်းလိုက်သမန်း နှိုးရန်၊ ပန်းမပွင့်မီ အချိန်တွင် ငန်းတိုက် မဖြစ်မနေ ဆောင်ရွက်ရပြီး ဒုတိယအကြိမ် ပေါင်းနှုတ် သမန်းနှိုးချိန်တွင် တစ်ပါတည်း ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပန်းပွင့်ချိန်နှင့် မရိတ်သိမ်းမီ အချိန်ထိ မျိုးကွဲနုတ်ပယ်ခြင်းကို သုံးကြိမ်ခန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

 

 

မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းဇုံနှင့် ထနောင်းတောဇုံ အတွင်းရှိ မျိုးစေ့ထုတ် စိုက်ခင်းများကို ကျေးရွာအုပ်စု ၂၅ အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၁၃၈ ဦးဖြင့် ဧက ၇၀၀ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

 

မောင်မောင်(မင်းဘူး)