တောင်အာဖရိကနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်

၁၇ စက်တင်ဘာ

 

 

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ထားတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားပေးနေရာ အောက်တိုဘာ ၁ ရက်နေ့မှာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မယ်လို့ သမ္မတ က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတဲ့အတွက် တောင်အာဖရိက နိုင်ငံတွင် မတ်လ ၂၇ ရက်နေ့ကစပြီး နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။

 

 

နိုင်ငံတွင်းက အသွားအလာ ကန့်သတ်မှုနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဇွန်လကစပြီး တဖြည်းဖြည်းခြင်း ပြန်လည် ဖွင့်ပေးနေပြီ ဖြစ်ပေမယ့် နိုင်ငံခြားကနေ ဗိုင်းရပ်စ်ပိုး ရောက်ရှိ မလာအောင် နယ်စပ်ဂိတ်တွေကိုတော့ ဆက်လက် ပိတ်ထားခဲ့ပါတယ်။

 

 

သမ္မတ ရာမာဖိုဆာက စက်တင်ဘာ ၂၀ ရက်နေ့မှာ နိုင်ငံတွင်းမှာ ပြဋ္ဌာန်းတဲ့ ဗိုင်းရပ်စ်ပိုးအတွက် စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည် ရုပ်သိမ်းသွားမှာ ဖြစ်သလို အောက်တိုဘာ ၁ ရက်နေ့မှာ နိုင်ငံတကာနဲ့လည်း ပုံမှန် ဆက်ဆံရေးကို ပြန်လည် လုပ်ဆောင်မှာဖြစ်ကြောင်း  မနေ့က ပြောကြားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကို နားလည်အောင်နဲ့ ဗိုင်းရပ်စ်ပိုး ရှိနေသမျှ နေထိုင်မှု ပုံစံအသစ်နဲ့ နေထိုင်နိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။

 

 

ညမထွက်ရ အမိန့်ကို ည ၁၀ နာရီအစား ၁၂ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်သလို  လူ ၂၅၀ ဆံ့ အဆောက်အအုံ အတွင်းမှာ ကျင်းပမယ့် အခမ်းအနားတွေမှာ လူ ၅၀ အထိ တက်ရောက်နိုင်ခွင့်ကိုလည်း ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

 

 

ဒါပေမယ့် အားကစားပွဲတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲ သတ်မှတ်ခြင်း မရှိသေးကြောင်းနဲ့ လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရခြင်းတွေက ဆက်လက် ရှိသွားမယ့် စည်းကမ်းတွေလို့ သိရပါတယ်။

 

 

ခရီးသွားမယ့် သူတွေဟာ ၇၂ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ အဖြေပါရှိမှာဖြစ်ပြီး သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရန် လိုအပ်ခဲ့မယ်ဆိုရင် မိမိစရိတ်ကို မိမိပေးရမှာ ဖြစ်ပါတယ်။

 

 

ခရီးသွား လုပ်ငန်းဟာ နိုင်ငံရဲ့ အဓိက စီးပွားရေး တစ်ခုဖြစ်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးမှာ အကြီးအကျယ် ထိခိုက်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၁၂,၀၀၀ တွေ့ရှိနေရာကနေ ပိုးတွေ့ရှိသူ အရေအတွက် ကျဆင်းတာကို တွေ့ရကြောင်း ဇူလိုင်လကစပြီး ပိုးတွေ့ရှိသူဟာ ၂,၀၀၀ အောက်သာ ရှိခဲ့ကြောင်း သမ္မတ ရဲ့ နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

 

 

တောင်အာဖရိက နိုင်ငံမှာ ပိုးတွေ့ရှိသူ ၆၅၁,၀၀၀ ကျော်ထဲမှာ သေဆုံးသူ ၁၅,၆၀၀ ကျော်ရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP