ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံတက်ရောက်

နေပြည်တော် ၁၆ စက်တင်ဘာ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့တွင် စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ အွန်လိုင်းဖြင့် ကျင်းပလျက်ရှိသော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံ (ASEAN High-Level Ministerial Conference on Human Resource Development) သို့ တက်ရောက်၍ Panel Discussion တွင် ပါဝင်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ယနေ့မျက်မှောက်ခေတ်ကာလ၌ မျိုးဆက်သစ်လူငယ်များမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပြောင်းလဲနေသော လုပ်သားဈေးကွက်တို့၏ ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရပါကြောင်း၊ သို့ဖြစ်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံ၊ အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းရေး၊ လူသားကောင်းတစ်ဦးဖြစ်ရေး၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှုတာဝန်ခံမှု၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုတို့နှင့် စပ်လျဉ်း၍ လူငယ်များကို သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါအရည်အသွေးများမှာ ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဘဝတစ်သက် တာသင်ယူမှုအတွက် အရေးပါလှပါကြောင်း၊ သာယာဝပြောသော အနာဂတ်ဘဝ တည်ထောင်ရန် အလုပ်အကိုင်ကောင်းများရရှိရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်လာပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် ပြဿနာဖြေရှင်းမှုစွမ်းရည်၊ သင်ယူမှုစွမ်းရည်၊ ဆက်သွယ်မှုစွမ်းရည်၊ ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုရေးဆိုင်ရာ စွမ်းရည်များသည်လည်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်လာနေပြီ ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးတို့သည် လုပ်သားဈေးကွက် လိုအပ်ချက်စွမ်းရည်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း။

အရည်အသွေးရှိသော ပညာရေးအတွက် အခြေခံပညာသည် အခမဲ့ဖြစ်သင့်ပါကြောင်း၊ မူလတန်းပြီးမြောက်သော ကလေးတိုင်း ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်ရမည်ဖြစ်ပြီး အလယ်တန်း၊ အထက်တန်းပညာရေးအဆင့်သို့ဖြစ်စေ၊ အဆင့်တူ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများသို့ဖြစ်စေ ကူးပြောင်းတက်ရောက်နိုင်စေရမည် ဖြစ်ပါကြောင်း၊ လူတိုင်းသည် လုပ်ငန်းခွင်မဝင်မီ သက်ဆိုင်ရာ နည်းပညာနှင့် သက်မွေးစွမ်းရည်များရရှိအောင် သင်ယူလေ့ကျင့်ပြီးဖြစ်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းခွင်အရည်အသွေးများ ပိုမိုတိုးတက်စေရန် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို အသုံးချရင်း တက္ကသိုလ်ပညာရေးကိုလည်း ဆက်လက်သင်ယူနိုင်ခွင့်ရှိရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍသည်လည်း မိမိတို့၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး ကဏ္ဍများနှင့် ချိတ်ဆက်လျက် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းနှင့် စက်ရုံပူးပေါင်း ဆောင်ရွက်မှုများကို အားပေးသွားသင့်ပါကြောင်းနှင့် သိပ္ပံပွဲခင်းများ၊ နည်းပညာပြပွဲများနှင့် အလုပ်အကိုင်ပြပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များအတွက် မိမိတို့၏ အသိအမြင်ဗဟုသုတများကို ဖလှယ်ခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေ ခွင့်ရရှိစေပြီး မိမိတတ်ကျွမ်းသော ပညာရပ်၊ အရည်အသွေးနှင့် စွမ်းရည်တို့ကို လုပ်ငန်းခွင်နှင့် ချိတ်ဆက်နိုင်ခွင့်များကို ဖန်တီးပေးကြရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Panel Discussion အမေးအဖြေကဏ္ဍတွင် ပါဝင်ဆွေးနွေးသည်။

အဆိုပါ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံတွင် အလုပ်အကိုင်ဆိုင်ရာ ပြောင်းလဲနေသော ကမ္ဘာကြီးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အာဆီယံ ကြေညာစာတမ်း (ASEAN Declaration on Human Resources Development for the Changing World of Work) ကိုလည်း စတင်ကြောင်း ကြေညာခဲ့သည်။ 

သတင်းစဉ်