ရန်ကုန်မြို့တော်နှင့် ရေစီမံခန့်ခွဲမှု

 

ထင်ပေါ်ဝင်း

မိုးရာသီကာလအတွင်း ကျရောက်နေသော်လည်း ရန်ကုန်မြို့၏အပူချိန်က သိသိသာသာမြင့်တက်နေပြီး မိုးရွာသွန်းမှုက နည်းပါးလျက်ရှိနေသည်။ ကမ္ဘာကြီးပူနွေးလာခြင်းမှအစပြုကာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု ဖြစ်စဉ်များက တစ်နေ့တခြား မြန်ဆန်လာနေသည်။ မိုးလေဝသပညာရှင်များ၏ ခန့်မှန်းထားမှုများအရ နောက်ပိုင်းတွင် အပူချိန်ကသိသိသာသာတိုးလာ နိုင်ဖွယ်ရှိနေသည်။ အပူချိန်မြင့်တက်မှုကြောင့် ရေခဲများ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှင့်အတူ ဒီရေပိုတက်ခြင်းကို ကမ္ဘာအနှံ့ကြုံတွေ့နေရပြီး မြန်မာနိုင်ငံလည်း ယင်းသက်ရောက်မှုကို ခံစားရမည်ဖြစ်ပါသည်။

 

မိုးရေချိန်မှာ ပုံမှန်ရွာသွန်းမှုအောက်လျော့နည်း

 

မြန်မာနိုင်ငံရှိ ရာသီဥတုသုံးမျိုးအနက် မိုးရာသီမှာ အကြာဆုံးကာလဖြစ်ကာ ရေရရှိရေးအတွက် မုတ်သုံမိုးကို အဓိက မှီခိုနေရသည်။ အနောက်တောင်မုတ်သုံလေတိုက်ခတ်ချိန်သည် မြန်မာနိုင်ငံအတွက် မိုးရာသီကာလ  အစပင်ဖြစ်သည်။ ထူးခြားစွာတိုက်ဆိုင်မှုဟု ဆိုရမည့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်နှစ်တွင် မုတ်သုံအဝင်က နောက်ကျကာ အထွက်စောမည်ဖြစ်သည့်အတွက် ရရှိမည့်မိုးရေချိန်က နည်းပါးမည်ဖြစ်သည်။ ရန်ကုန်ကောင်းကင်ယံအနှံ့ ရွာချသည့်မိုးက မျှတစွာရွာသွန်းခြင်းမရှိဘဲ ရွာချင်သည့်နေရာတွင်သာ သဲသဲမဲမဲရွာသွန်းပြီး အခြားနေရာများတွင် ခြောက်သွေ့နေတတ်သည်။ ကွက်ကျားမိုးကသည်းသည်းထန်ထန် ရွာသည့်အတွက် မိုးရွာသည့်နေရာတွင် ရေကြီးရေလျှံမှုက တစ်ပါတည်းဖြစ်တော့သည်။ ရန်ကုန်မြို့တော်ရေပေးဝေရေးအတွက် ရေအရင်းအမြစ် များတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဘက်ရှိ တိုက်ကြီး၊ မှော်ဘီလှည်းကူးမြို့နယ်များတွင် ရွာသွန်းသည့် မိုးရေချိန်မှာ ပုံမှန်ရွာသွန်းမှုအောက် လျော့နည်းနေသည်။ ရွာသွန်းသောမိုးရေများကို စုဆောင်းသိုလှောင်ထိန်းသိမ်းလျက် ရှိသော ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်ရေလှောင်ကန် များတွင် ယခုနှစ်မိုးရေစုဆောင်းရရှိမှုက နွေရာသီကာလ ရန်ကုန်မြို့တော် ရေပေးဝေမှုအတွက် စိတ်ပူစရာအခြေ အနေတစ်ရပ် ဖြစ်သည်။

ရေလိုအပ်ချက်ပမာဏက များလာ

ရန်ကုန်မြို့တော်သည် နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် အခြားအနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်သူ များပြားကာ လူဦးရေတိုးနှုန်းလည်း ပိုမိုများပြားလာသည်။ လူဦးရေ တိုးနှုန်းနှင့်အတူ ရေလိုအပ်ချက်ပမာဏက များလာသည်။ စက်မှုဇုန်များ ၊ တိုးတက်ထွန်းကားလာသည့်အတွက် ရေလိုအပ်ချက်က ပိုမိုလာသည်။ မြို့ဧရိယာမှာလည်း မြို့စွန်မြို့ ဖျားများသို့ တိုးထွက်မှုရှိသလို အထပ်မြင့် တိုက်တာတို့ကလည်း တိုးပွားလာနေသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ်ရေဂါလန် ၂၀၅ သန်းပေးဝေ လျက်ရှိရာ ရေပေးဝေမှုပမာဏအားလုံး၏ ၉၀ ရာခိုင်နှုန်းကို မြေပေါ်ရေမှ ရရှိပြီး ကျန် ၁၀ ရာခိုင်နှုန်းကို မြေအောက်ရေမှ ထုတ်ယူအသုံးပြုထားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်စည်ပင်သာယာနယ်နိမိတ် အတွင်းနေထိုင်သူ ၅ ဒသမ ၁၆သန်းရှိသည့်အတွက် တစ်နိုင်ငံလုံးလူဦးရေ၏၁၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်မြို့တော်တွင် နေထိုင်လျက်ရှိသည်။

 

အခက်အခဲများ ဖြစ်ပေါ်လာနိုင်

 

ရန်ကုန်တိုင်းဒေသကြီးအတွက် ရေနှင့်ပတ်သက်၍ အဓိကပြဿနာ သည် လုံလောက်သော မိုးရေချိန်ရရှိရေးပင်ဖြစ်သည်။ ရန်ကုန်မြို့တော် ရေပေးဝေရေးအတွက် အဓိကကျသော ရေလှောင်ကန်ကြီးများသည်မြောက်ဘက်အရပ်ဖြစ်သော တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးဘက်တွင် တည်ရှိပြီး မိုးလေဝသပညာရှင်များ၏ တိုင်းထွာမှုမှတ်တမ်းများအရ ယင်းအရပ်ဒေသရှိ စခန်းများတွင် မိုးရေချိန်လျော့နည်းလာသည်ကို တွေ့ရှိနေရသည်။ ယခုအခါ ရာသီဥတုဖောက်ပြန်မှု များ ဖြစ်လာပြီး ရေလှောင်ကန်ကြီးများတွင် မိုးရေရရှိမှု လျော့နည်းလာသည့် အတွက် ရန်ကုန်မြို့ကို သောက်သုံးရေလုံလောက်စွာပေဝေနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။

မိုးရေ စုဆောင်းရရှိမှုနည်းလာ

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်များဆောက်လုပ်ရာတွင် စိုက်ပျိုးရေးအတွက် ဦးစားပေးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ကို ရေပေးဝေရာ၌ ငမိုးရိပ်ဆည်မှ ရေအများဆုံးပေးဝေ နေခြင်းဖြစ်ပြီး ရေပေးဝေမှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပေးဝေနေခြင်းဖြစ်သည်။ ငမိုးရိပ်ဆည်အနေဖြင့် ရန်ကုန်လူထု သောက်သုံးရန်အတွက်သာမဟုတ်ဘဲ ဆည်ရေသောက်ရိယာအတွင်းရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေ အတွက်လည်း ပေးဝေနေရခြင်းဖြစ်သည်။ ယခုအခါ ဆည်အတွင်း မိုးရေစုဆောင်းရရှိမှု နည်းလာသည့်အတွက် သောက်သုံးရေဦးစားပေးရေးနှင့် စိုက်ပျိုးရေး ဦးစားပေးရေးတို့မှာ တာဝန်ရှိသူတို့အတွက် ခေါင်းခဲစရာ ပြဿနာ တစ်ရပ်ဖြစ်လာခဲ့သည်။

 

ပြောင်းလဲစိုက်ပျိုးရန် အကြံပြု

 

ရန်ကုန်တိုင်းဒေသကြီး၏ သောက်သုံးရေလိုအပ်ချက်အရ စိုက်ပျိုးရေးဘက်တွင် ရေကိုလျှော့ချသုံးစွဲရန် ပညာရှင်တို့က အကြံပြုကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမည့်သီးနှံများတွင် အထူးသဖြင့် နွေစပါးအစား ရေလိုအပ်ချက်အနည်းဆုံးဖြစ်သည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် ဖြစ်သည်။ ထိုသို့ စိုက်ပျိုးရာတွင်လည်း ရေလိုအပ်ချက် အနည်းဆုံးဖြစ်သော သီးနှံဖြစ်ဖို့လိုသလို တောင်သူများအတွက် စီးပွားဖြစ်ထွန်းသည့် သီးနှံအမျိုးအစားဖြစ်ရန်လည်း လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေပညာရှင်တို့က နွေစပါးထက် ရေလိုအပ်ချက်နည်းသော ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲတို့ကို ပြောင်းလဲစိုက်ပျိုးရန် အကြံပြုသည်။

အခြားတစ်ဖက်၌လည်း ရန်ကုန်မြို့တော်သူမြို့ တော်သားများအနေဖြင့် ရေကိုစည်းကမ်းရှိရှိ၊ အကျိုးရှိစွာအသုံးချတတ်ရန် လိုအပ်သည်။ လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များအပေါ် ပညာရှင်တစ်ဦးက “ကိုဗစ်ကြောင့် လက်ဆေးရမယ်။ လက်ဆေးတဲ့အခါမှာ လက်ကိုရေဆွတ်ပြီး ဆပ်ပြာတိုက်တဲ့ အချိန်မှာ ရေဘားကို ပြန်ပိတ်ထားဖို့ လိုပါတယ်။အခုဟာက ရေဘားဖွင့်လိုက်တယ်။ လက်ကိုရေဆွတ်ပြီး ဆပ်ပြာတိုက်တယ်။ ဆပ်ပြာတိုက်တဲ့အချိန်မှာ ရေတွေက ဒလဟောကျနေတယ်။ ဘာမှလည်း မသုံးဘဲနဲ့ရေက ရေကောင်း ကနေရေဆိုးမြောင်ထဲရောက်သွားတာတွေရှိတယ်။ ဒါမျိုးတွေကအစ ဆင်ခြင်ဖို့လိုတယ်။ လူတိုင်းလူတိုင်းက ကိုစည်းကမ်းတကျ သုံးမယ်ဆိုရင်တော့ ရေကလောက်သွားမှာပါ၊ စည်းကမ်းတကျ သုံးတဲ့အခါကျတော့ တကယ် မသုံးလိုက်ရဘဲ ဆုံးရှုံးသွားတဲ့ရေက ပိုများနေတယ်လို့ ယူဆရပါတယ်။ နောက် တစ်ချက်ကရေကိုသုံးစွဲတတ်ဖို့လိုအပ်ပါတယ်။ရေကောင်းကောင်းရရှိတဲ့မြို့နယ်များမှာ နေထိုင်တဲ့ ရေသုံးစွဲသူပြည်သူများက ရေကိုလိုသလောက်သာ အကျိုးရှိရှိချွေတာသုံးစွဲမှ ရေအားနည်းတဲ့ မြို့နယ်များမှာနေထိုင်တဲ့ ပြည်သူများအတွက် ရေသုံးစွဲဖို့အဆင်ပြေမှာဖြစ်ပါတယ်။ ဥပမာပေးတဲ့ ပိုက်လိုင်းအရင်းမှာ နေထိုင်သူနဲ့ အဖျားပိုင်းမှာနေထိုင်သူ ရေရရှိမှု ကွာခြားသလိုပါပဲ။ ပိုက်အရင်းပိုင်းနေထိုင်သူ အလေအလွင့်နည်းအောင်သုံးစွဲမှ ပိုက်အဖျားပိုင်းနေထိုင်သူရေသုံးစွဲဖို့ရေကျန်မှာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိ ရေပေးရေးစနစ်က မြို့နယ်အလိုက် အချိန်ပိုင်း မျှဝေပေးနေရတဲ့စနစ်ကြောင့် စည်းကမ်းရှိစွာ ရေကိုသုံးစွဲဖို့ အထူးလိုအပ်နေတာပါ။ လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းများ ပြီးစီးတဲ့အချိန်ရောက်ရင် ၂၄ နာရီ ရေပေးရေးစနစ်ဖြစ်လာတော့ မှာပါ"ဟု ပြောကြားသည်။

 

ရေကိုချွေတာသုံးစွဲရန်လို

 

ဤအချိန်၊ ဤကာလရောက်တိုင်း ရေပြည့်မှတ်ကျော်လွန်လေ့ရှိသော ရန်ကုန်ရေလှောင်ကန်ကြီးများတွင် ယခုနှစ်၌ မိုးရေရရှိမှု လျော့နည်းသောကြောင့် ကန်ရေလိုအပ်ချက်ကို ပြည့်မီခြင်းမရှိသေးချေ။ ဥတုရာသီ မည်သို့ ပြောင်းသည်ဖြစ်လင့်ကစား ရန်ကုန်မြို့နေပြည်သူလူထုအတွက်သောက်သုံး ရေလုံစွာရရှိရေးသည် နံပါတ်တစ် ဦးစားပေးရမည်ပင်ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်တစ်မြို့လုံးအနှံ့ ရေရရှိရေးအတွက် ရေပေးဝေရေးစနစ်ကို ပြောင်းလဲကာ နာရီပိုင်းအခြား အလိုက် မြို့နယ်များသို့ ဖြန့်ပေးလျက်ရှိသည်။ ရန်ကုန်မြို့နေပြည်သူများအနေဖြင့် ရေကိုချွေတာသုံးစွဲရန် လိုသလို စုဆောင်းသိမ်းဆည်းရန်လည်း လိုအပ်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။

မြန်မာ့အလင်း ( ယနေ့ရန်ကုန်)