MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ၂၈ ပွဲကစားရန်ကျန်ရှိ

၁၄ စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်ရှိနေသည့်  ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် ဒုတိယအကျော့ ၂၈ ပွဲ ကစားရန် ကျန်ရှိနေသေးသည်။

 

ယင်းပြိုင်ပွဲကို ပထမအကျော့အပြီး မတ်လကတည်းက ရပ်နားထားခြင်းဖြစ်ပြီး ပြန်လည်ကျင်းပပါက ဒုတိယ အကျော့ ၂၈ ပွဲသာ ကျင်းပရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ပြန်လည်ကျင်းပလျက်ရှိပြီး အောက်တိုဘာ ၃ ရက်တွင် ပြီးဆုံးတော့မည်ဖြစ်သည်။

 

MNL ပြိုင်ပွဲတွင် တန်းတက်၊ တန်းဆင်းစနစ်ကျင့်သုံးနိုင်ရန် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ယခုရာသီတွင် ကျင်းပရမည်ဖြစ်ပြီး MNL ပြိုင်ပွဲအပြီးတွင်  ဆက်လက်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကာ ကျင်းပခွင့်ရရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အပြီးတွင် Junior Lions အသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေပြီး Chinland အသင်းနှင့် မြဝတီအသင်းတို့က ရမှတ်တူဖြင့် ဖိအားပေးလျက်ရှိသည်။ ယင်းသုံးသင်းသည် ရမှတ် ၁၈ မှတ်စီရရှိထားပြီး ဂိုးကွာခြားချက်ဖြင့် Junior Lions အသင်းက ပထမနေရာ၊ Chinland အသင်းက ဒုတိယနေရာနှင့် မြဝတီအသင်းက တတိယနေရာတွင် ရပ်တည်နေသည်။

 

သတင်း-ညီမြတ်သော်တာ