ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်  (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

တောင်ကြီး  ၃  စက်တင်ဘာ

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၈)ဦးရှိပြီး အစည်းအဝေးသို့  (၁၂၁)ဦး တက်ရောက်သဖြင့် ၈၇ ဒသမ ၀၅  ရာခိုင်နှုန်း ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (ဒုတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းခြင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော် ပထမနေ့တွင် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် တင်သွင်းခဲ့သော “ရှမ်းပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လက်ရှိထက် ပိုမိုကောင်းမွန်သောစနစ်ဖြင့် ရေတိုရေရှည်စီမံချက်များ ချမှတ်ကာအလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံဆွေးနွေး ခဲ့သည်။

 

ဆက်လက်၍ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က “ရှမ်းပြည်နယ် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေစွာရရှိနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှုမြှင့်တင်ခြင်း” အဆိုအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးများက အသီးသီးပြန်လည် ရှင်းလင်းဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းအဆို(၂)ခုအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက်  ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က “ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန်တိုးတက်ရေး ခိုင်မာသော ဈေးကွက် ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်းစာကြည့်တိုက်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုတို့ကို တင်သွင်းခဲ့ရာ အဆိုတစ်ခုစီအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးစီတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုများကို  ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းအဆိုကို စက်တင်ဘာ ၄ ရက် (သောကြာနေ့)တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက ယနေ့ညနေ ၅ နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ရှမ်းပြည်နယ်မြေယာခွန်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေး ကော်မတီအဖွဲ့ဝင် ဦးခွန်ဒီဂေါလ်မှ ကော်မတီအစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ပြန်လည်ဆွေးနွေးရှင်းလင်းကာ မြေယာခွန် ဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းဥပဒေမူကြမ်းအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ယင်းနောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ တင်ပြသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ ၎င်းအစီရင်ခံစာကို မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ညနေ ၃ နာရီတွင် ရပ်နားပြီး အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

(ပြည်နယ် ပြန်/ဆက်)