ပြည်သူ့ဆေးရုံကြီး (ဘားအံ) ၌ (၃)ထပ်တိုးချဲ့ဆောင်သစ် တည်ဆောက်လျက်ရှိ

ဘားအံ  ၉  ဩဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် (၃) ထပ်တိုးချဲ့ဆောင်သစ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ပြည်သူ့ဆေးရုံကြီး (ဘားအံ) သည် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံဖြစ်သော်လည်း စရိတ်မျှပေး ကျန်းမာရေးစနစ်ဖြင့် နိုင်ငံတော်အစိုးရမှ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်း၊ အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းခြင်းတို့ကြောင့် နေ့စဉ်ပျှမ်းမျှလူနာဦးရေ ၂၀၀ ကျော်မှ ၃၀၀ နီးပါးခန့်ထိ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိပြီး ဖျားနာ (လူနာ) ဆောင်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ရာ လိုအပ်ချက်အရ (၃) ထပ်တိုးချဲ့ဆောင်သစ်ကို တည်ဆောက်ခြင်း ဖြစ်သည်။

 

mdn

 

အဆိုပါတိုးချဲ့ (၃) ထပ်ဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန ပြည်ထောင်စုဘတ်ဂျက် ကနဦး ရရှိရန်ပုံငွေကျပ် ၂၄၅ ဒသမ ၂၀ သန်းဖြင့် ၂၀၂၀ ခုနှစ် မတ် ၂၅ က စတင်တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၃၀ ရာခိုင်နှုန်း၊ ရရှိရန်ပုံငွေ၏ ၇၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ဆေးရုံကြီး (ဘားအံ) ၏ (၃) ထပ် တိုးချဲ့ဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၁၃) မှ အလျား ၁၂၀ ပေ၊ အနံ ၅၆ ပေရှိ သံကူကွန်ကရစ် (၃) ထပ် အမျိုးအစားအဖြစ် တာဝန်ယူတည်ဆောက်လျက်ရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)