ဒုတိယဝန်ကြီး ဦးလှကျော် ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေတားတာများကြံ့ခိုင်မှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်  ၉  ဩဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတ ကမ်းနားတာ (အိပ်ပျက်) တွင် တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းနှင့် ဖြတ်တာသစ်တွင် ရေဝင်ရောက်မှု အခြေအနေများ၊ မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်း လုပ်ငန်း၊ ကမ်းပြိုကမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံသို့ လည်းကောင်း ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဟင်္သာတ ကမ်းနားတာ တာမိုင် ၅ မိုင်၊ ၂ ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄မိုင်၊ ၆ ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာသစ် အခြေအနေများကို လည်းကောင်း၊ ဖြတ်တာသစ်အား ကြံ့ခိုင်မှုရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း ကမ်းပြိုကမ်းစားမှု အခြေအနေများနှင့် ရေကင်းစခန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

 

 

တင်ပြချက်များအပါ် ဒုတိယဝန်ကြီးက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြို့ရွာကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မထိခိုက်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှု၊ မြစ်ရေစီးဆင်းမှု လမ်းကြောင်းအရ ကမ်းပြို ကမ်းစားမှု အခြေအနေများ လျော့နည်းသက်သာစေရန် သက်ဆိုင်ရာဌာနများ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာမှုသည် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်နှင့် ဖြတ်တာသစ်တွင် တာအိတာလျှောခြင်းများ မဖြစ်ပေါ်စေ‌ရန်တို့၊ မြစ်ရေစီးကြောင်း‌ကြောင့် ကမ်းပြိုကမ်းစားခြင်း နှင့်  ထိခိုက်ဆုံးရှုံးမှုအပေါ် ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်းပူးပေါင်း၍ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

mdn

 

 

ထို့နောက် ဒုတိယဝန်ကြီးက ဟင်္သာတကမ်းနားတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံ ဦးမိုးလေး (ဖြတ်တာ-၁) ကမ်းပြိုကမ်းစားမှု အခြေအနေများ၊ ဟင်္သာတကမ်းနားတာ တာမိုင် ၅ မိုင်၊ ၂ ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာအသစ်နှင့် ရေကင်းစခန်းများနှင့် မြစ်ရေစီးကြောင်း ပြောင်းလဲမှုအား မြစ်ကမ်းနံရံမှ သွေဖည်သွားစေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မြန်အောင်တာ တာမိုင် ၆ မိုင်၊ ၃ ဖာလုံ နှင့် ၆ မိုင်၊ ၇ ဖာလုံသို့ ရောက်ရှိပြီး ကမ်းရင်းတာ၊ ပန်းတာနှင့် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ကမ်းပြိုကမ်းစားမှု ကာကွယ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ဆက်လက်ကမ်းပြိုမှုမရှိစေရေး ဆောင်ရွက်ထားမှု၊ ဟင်္သာတခရိုင်အတွင်း ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်အသုံးပြုနိုင်ရန် စက်ယန္တရားကြီးများ အသင့်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်များသို့ ရောက်ရှိပြီး ငဝန်တာ တာမိုင် ၄၅ မိုင်မှ ၄၆ မိုင် ၂ ဖာလုံ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ မြစ်ရေကြီးချိန်တွင် ငဝန်တာတမံ ကျိုးပေါက်မှုမရှိစေရေး စနစ်တကျ ကာကွယ်ထိန်းသိမ်းရန်ကြရန်နှင့် ကမ်းပြိုကမ်းစားမှုမရှိစေရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မိုးရာသီသို့ ရောက်ရှိလာပါက တာတမံများ၏ အရေးကြီးနေရာများအား ဂရုပြုစောင့်ကြည့်ခြင်း၊ ပြည်သူများအား ရေဘေးကာကွယ်ရေး သရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Prepareness Plan-EPP) လုပ်ငန်းစဉ်များ ရေးဆွဲ၍ လုပ်ငန်းစဉ်အဆင့် (၁)၊ (၂)၊ (၃) သတ်မှတ်ကာ လုပ်ငန်းအဆင့်အလိုက် သတင်းပို့စနစ်ကျင့်သုံးနိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးလျှက် ရှိသည်။

 

 

မိုးရာသီကာလများတွင် ဧရာဝတီ-ဟင်္သာတ တာတမံများတစ်လျှောက်ဌာန ရေကင်းတဲများကို ကြံခင်းမြို့နယ်တွင် (၁) ခု၊ မြန်အောင်မြို့နယ်တွင် (၈) ခု၊ အင်္ဂပူမြို့နယ်တွင် (၁၁) ခု၊ ဟင်္သာမြို့နယ်တွင် (၁၃) ခု၊ ဇလွန်မြို့နယ်၊ ဧရာဝတီဟင်္သာတတာတွင် (၇) ခုနှင့် ဧရာဝတီ အရှေ့ဘက်ကမ်းတာတွင် (၄) ခု၊ ပေါင်း (၁၁) ခု၊ ငဝန်တာတစ်လျှောက် လေးမျက်နှာ မြို့နယ်တွင် (၄) ခု နှင့် ဟင်္သာတခရိုင်တွင် စုစုပေါင်း (၄၈) ခုကိုလည်းကောင်း၊ ငဝန်တာတမံ တစ်လျှောက် ရေကြည်မြို့နယ်တွင် ဌာနမှ ရေကင်းစခန်း (၄) ခုနှင့် သာပေါင်းမြို့နယ်တွင် ဌာနမှ ရေကင်းစခန်း (၄) ခု၊ စုစုပေါင်း ရေကင်းစခန်း (၈) ခုကိုလည်းကောင်း တည်ဆောက်ထားပြီး ရေဘေးကာကွယ်ရေး ပစ္စည်းများထားရှိကာ မိုးရာသီ၌ ရေကြီးမှုဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ ရေကင်းလှည့်လည်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ပုသိမ်ခရိုင်အတွင်း ရေကြည်၊ သာပေါင်း၊ ကျုံပျော်ကျောင်းကုန်းမြို့နယ်များ အပါအဝင် စုစုပေါင်း ရေဘေးကာကွယ် ဧရိယာ (၂၁၀၆၇၆) ဧကရှိသော ငဝန်တာတွင် မိုးရာသီ ရေဘေးကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ချောင်း​မြောင်း ၁၅၇ ​မြောင်း ၊ အရှည်မိုင် ၄၉၈ မိုင် တူး​ဖော်​ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်