ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  ၉  ဩဂုတ်

 

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း‌‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမျိုးကျော်သူ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်ရပ်ကွက်ရှိ “ဟန်ဝင်းစော” အဆင့်မြင့် စဉ့်လုပ်ငန်းအလုပ်ရုံသို့ ရောက်ရှိပြီး အလုပ်ရုံအစည်းအဝေးခန်းမ၌ စဉ့်လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

တွေဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စဉ့်ထည်လုပ်ငန်းသည် မြန်မာ့မိရိုးဖလာ အမွေအနှစ်လုပ်ငန်း ဖြစ်သည့်အတွက် တိမ်ကော ပပျောက်မှုမရှိစေရန် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များသည် တစ်ဦးတစ်ယောက်ချင်း လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေနိုင်သည့်အတွက် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခက်အခဲရှိသည်များကို အသင်းအဖွဲ့များက ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြပေးမှသာ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စဉ့်ထည်ပစ္စည်းများ နေရာတွင် ပြည်ပမှဝင်ရောက်လာသည့် ပလတ်စတစ်ပစ္စည်းများ အစားထိုးနေရာယူလာပါက မိမိတို့၏ မိရိုးဖလာ လုပ်ငန်းများအပေါ် ထိခိုက်လာနိုင်မည်ဖြစ်၍ စဉ့်ထည်လုပ်ငန်းများအတွက် နည်းပညာနှင့် စျေးကွက်ချဲ့ထွင်နိုင်‌ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် တက်ရောက်လာကြသူများက ဖိုက်ဘာ၊ ပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းထက် စဉ့်ထည်ပစ္စည်း များအား အသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း၊ ဝယ်လိုအားကောင်းပြီး ထုတ်လုပ် ရောင်းချနိုင်မှုမရှိခြင်း၊ လုပ်သားရှားပါးလာခြင်းတို့ကြောင့် ရေရှည်ရပ်တည်ရန်အတွက် စဉ့်ထည်နှင့်ပတ်သက်သော သင်တန်းများပေးစေလိုကြောင်း၊ စဉ့်ထည်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်စေရန် လိုအပ်သည့် L.P.G Gas ရောင်းချပေးနိုင်ရေး၊ စဉ့်ထည်ပစ္စည်း အပူပေးရာတွင် လက်ရှိအသုံးပြုနေသည့် မြေအုတ်များအစား မီးခံအုတ်များ ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဘိုစက်မှုဇုန်သို့ ရောက်ရှိပြီး “ကနောင်ခန်းမ”၌ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံရာ တက်ရောက်လာကြသည့် ပန်းပဲ၊ သံပန်း၊ သံတံခါးလုပ်ငန်းရှင် ဦးဝင်းဘိုက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ချေးငွေရရှိရေးကို လည်းကောင်း၊ စက်မှုဇုန်အတွင်းရေးမှူးက သဖန်းဆိပ်ဆည်အတွင်း ရေရောက်ရှိမှု နည်းပါးသည့်အတွက် စိုက်ပျိုးရေးအတွက် အခက်အခဲများ၊ ချင်းတွင်းမြစ်၊ ဧရာ၀တီမြစ်တို့မှ ရေကို သဖန်းဆိပ်ဆည် အတွင်းသို့ ပိုက်လိုင်းဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်ပေးရန် ကိစ္စကိုလည်းကောင်း၊ သီးလုံးစံပြကျေးရွာမှ ဒေါ်မိုးမိုးမြင့်က လယ်ယာမြေပုံစံ (၇) အမည်ပြောင်းရေးနှင့် စပ်လျဉ်း၍ အခွန်ပေးဆောင်မှု အခက်အခဲရှိသည် များကိုလည်းကောင်း တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ ကြက်မွေးမြူရေး အထူးဇုန်သို့ ရောက်ရှိခဲ့ပြီး မိမိသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးအနေဖြင့် လာရောက် ခဲ့ခြင်းဖြစ်‌ကြောင်း၊  ‌ဒေသခံတောင်သူ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများအား ပွင့်လင်းစွာတင်ပြကြရန် ပြောကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အား ကောင်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းများ တိုးချဲ့ရန် ငွေကြေးအခက်အခဲရှိကြောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ဝယ်လိုအားရှိသဖြင့် လုပ်ငန်းချဲ့ထွင် မွေးမြူနိုင်ရန်အတွက် လုပ်ငန်းချဲ့ထွင် ချေးငွေရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်‌ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းကြီးကျေးရွာရှိ “မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်း” သို့ ရောက်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ သင်တန်းကျောင်းကို လှည့်လည်ကြည့်ရှု၍ သင်တန်းကျောင်းအတွက် ပြည်ထောင်စု ဝန်ကြီးက အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

သတင်းစဉ်