မရမ်းကုန်းမြို့နယ်၌  ပြည်သူများ  အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်  ၈  ဩဂုတ် 

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို  ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်၌ ဆောင်ရွက်သည်။

 

မရမ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးခင်မောင်သန်းက “မဲစာရင်းမှာပါတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မလုပ်ရသေးတဲ့သူတွေကို အဓိကထားပြီးဆောင်ရွက်ပေးနေတာပါ။ မိမိတို့မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင် မလုပ်ရသေးတဲ့ သူတွေကိုပြုလုပ်ပေးတာပါ။ မွေးစားရင်းတိုးတွေနဲ့ ပျောက်ဆုံး၊ ပျက်စီးတွေကိုလည်း တစ်ပါတည်းဆောင်ရွက် ပေးနေပါတယ်။ အဓိကလုပ်ဆောင်ချက်ကတော့ မဲစာရင်းအမည်ပေါက်တွေကို ဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်” ဟု ပြောသည်။ 

 

ဆောင်ရွက်မှုအနေဖြင့် ယနေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါမြို့နယ် ပေါ်တော်မူ စေတီဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးရာ ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်လာရောက် ပြုလုပ်ကြသည်။ 

 


ယင်းသို့ ဆောင်ရွက်ရာတွင် အဆိုပါမြို့နယ်အတွင်းနေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး အသက် ၁၈ နှစ်ပြည့်မြောက်ကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင် အမည်စာရင်းတွင်ပါရှိသောသူများအား အဓိကထားဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးခင်မောင်သန်းက ဆိုသည်။

 

အဆိုပါရပ်ကွက်ရှိ ဦးရေခဲလမ်းနေ ဒေါ်သက်မွန်အေးက “ကလေးတွေအတွက် အသက် ၁၈ နှစ်ပြည့်နဲ့ ၁၀ နှစ်ပြည့် မှတ်ပုံတင်လာလုပ်တာပါ။ လွယ်လွယ်ကူကူနဲ့ အဆင်ပြေတယ်။ အခုလိုဆောင်ရွက်ပေး တော့ အချိန်ကုန်သက်သာတယ်။ ပြည်သူတွေ အတွက်အများကြီး အထောက်အကူဖြစ်တယ်။ ကိုယ့်ဘက်ကတော့ လိုအပ်တဲ့ အထောက်အထားတွေပြည့်စုံဖို့လိုပါတယ်”ဟု ပြောသည်။

 

အလားတူ ယင်းသို့ဆောင်ရွက်မှုကို အဆိုပါ မြို့နယ်အတွင်းရှိရပ်ကွက်များ၌ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဩဂုတ် ၉ ရက်တွင် အဆိုပါမြို့နယ်အတွင်းရှိ အမှတ် (၁)ရပ်ကွက်၌ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မပြုလုပ်လိုက်ရသည့် ပြည်သူများအား မရမ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ကြီး