ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊  စီးပွားရေးနှင့် ကူးသန်း‌‌ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ၈  သြဂုတ်

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း‌ ‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်အတူ သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ ချီပါမျိုးသန့်ခြံသို့ ရောက်ရှိပြီး ရွှေဘို ပေါ်ဆန်းနှင့် ဧရာမင်းစပါးမျိုးသန့်ပျိုးခင်းများကို သွားရောက်ကြည့်ရှုရာ စိုက်ခြံ ဒုတိယတာဝန်ခံ ဒေါ်တင်မိုးနွယ်က လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ခြံအစည်းအဝေးခန်းမ၌ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ စိုက်ခြံဒုတိယတာဝန်ခံက မျိုးသန့်ခြံစိုက်ပျိုးမြေဧကအကျယ်အဝန်း၊ ရုံးအဆောက်အဦ များ တည်ဆောက်ထားရှိမှုတို့နှင့် JICA အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော Seed Centre တည်ဆောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိပ်ခွန်ကျေးရွာရှိ အသေးစား စက်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် “ဆင်နှစ်ကောင်” ယက္ကန်းစက်ရုံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် စက်ရုံပိုင်ရှင် ဦးသက်နိုင်က ဆိပ်ခွန်ကျေးရွာတွင် စက်ယက္ကန်းအလုံးပေါင်း (၄၀၀) ကျော်နှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော ယက္ကန်းလုပ်ငန်းရှင်များက ကိုဗစ်-၁၉ ကာလ၌ တွေ့ကြုံနေရသော ကုန်ကြမ်းရရှိမှုအခက်အခဲများ၊ တရုတ်နိုင်ငံဘက်မှ ချည်ဆိုးဆေးဝယ်ယူရရှိမှုဆိုင်ရာ အခက်အခဲများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေရရှိမှု နည်းပါးသည့်အတွက် လုပ်ငန်းတိုးချဲ့ရန် ကြုံတွေ့ နေရသော အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း‌ ဆွေး‌နွေးပြောကြားခဲ့ပြီး စက်ရုံအတွင်း စက်ယက္ကန်းများ ချည်ထည်ယက်လုပ်နေမှုတို့ကို ကြည့်ရှု အားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိပ်ခွန်ကျေးရွာအုပ်စု ဗိုလ်တဲကုန်းကျေးရွာရှိ လက်ယက္ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ချီပါကျေးရွာသို့ရောက်ရှိပြီး မြသိန်းတန် (အနောက်) ဘုန်းတော်ကြီးကျောင်း၌ ယက္ကန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဝါပင် စိုက်ပျိုးသည်မှ အထည်ရရှိသည့်အထိ အဆင့်ဆင့်တိုးမြှင့် စိုက်ပျိုးထုတ်လုပ်စေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ဖြေ‌လျှော့ ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်စေ လိုကြောင်း၊ Supply Chain တစ်ခုလုံးအတွက် ကုန်ကျစရိတ် အတတ်နိုင်ဆုံး လျှော့ချနိုင်မှသာ စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ‌‌ညောင်ပင်သာကျေးရွာ၏ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် တောင်သူများအား တွေ့ဆုံပြီး တက်ရောက်လာသည့် တောင်သူများအား လိုအပ် သည့် ကိစ္စရပ်များ၊ ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် ကျေးရွာအတွင်း လူဦးရေထူထပ် လာသဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသည့် အတွက် ထရန်စဖော်မာ အသစ်များ တပ်ဆင်ပေး‌နိုင်ရေး၊ ဆည်မြောင်းများမှ ရေဖြန့်နေသည့် ရေလက်တံများ ပိတ်ဆို့နေခြင်းတို့အား ပြန်လည်‌ဖော်ဆောင်ပေးနိုင်ရေးနှင့် မူးလက်တံကူးတံတား (၂) စင်းအား ပြုပြင်ပေးနိုင်ရေး၊ ‌ရွှေဘို-ရေဦး ကားလမ်းမကြီးအား နှစ်လမ်းသွားတိုးချဲ့ပြုပြင်တည်ဆောက်ပေးနိုင်ရေး၊ လယ်ယာစိုက် ပျိုးရေးအတွက် ချေးငွေများ ပိုမိုရရှိနိုင်ရေးတို့အား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်‌ထောင်စုဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်လည်ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။  

 

သတင်းစဉ်