ရွှေကူမြို့တွင် ကွန်ကရစ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ

ရွှေကူ   ၈   သြဂုတ်    

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ကွန်ကရစ်လက်မှုပညာဖြင့် အိမ်အသုံးအဆောင် ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား တစ်ပိုင်တစ်နိုင်ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရောင်းချနေသူများ မိသားစုအတွက် ပုံမှန်ဝင်ငွေများရရှိ၍ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

 

ရွှေကူမြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချမှုများနှင့်ပတ်သက်၍ ကွန်ကရစ်ပစ္စည်းများကို လိုအပ်သူများ အသင့်အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သည့်အတွက် အိမ်ဆောက်ရာတွင် အသုံးပြုသည့် ကျင်တွယ်တိုင်များ၊ ကွန်ကရစ်တိုင်များ၊ မီးသွေးမီးဖိုများ၊ အလှပန်းအိုးများ၊ ရေပြွန်များ၊ ရေကန်များနှင့် ရေတွင်းဂွေများ စသည့်ကွန်ကရစ်ဖြင့် ပြုလုပ်သည့် ပစ္စည်းများကို ဝယ်ယူသူ များပြားလာသောကြောင့် ကွန်ကရစ်လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ် ရောင်းချရခြင်းဖြစ်ကြောင်း ရွှေကူမြို့တွင် ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချနေသည့် ဦးလင်းထက်အောင်က ပြောပြ၍ သိရသည်။

 

ရွှေကူမြို့နယ်တွင် ကွန်ကရစ်လက်မှုပညာဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်ရောင်းချသူ  များစွာရှိသော်လည်း ကွန်ကရစ်လုပ်ငန်း ပြုလုပ်ရောင်းချသူများတွင် ကုန်ကြမ်းများ ဝယ်ယူရာ၌ အခက်အခဲမရှိသည့်အတွက် ကွန်ကရစ်ဖြင့်ပြုလုပ်သည့် ပစ္စည်းများအား ဝယ်ယူသူများပြားပြီး လုပ်ငန်းလုပ်ကိုင်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။

           

ကျော်မျိုးအောင်(ပြန်/ဆက်)