ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပြီးဆုံးခဲ့ပြီး ကွာတားပွဲစဉ်များ ထွက်ပေါ်

  ဩဂုတ်

ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်များအနက် ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် အင်္ဂလန်ကလပ် ဝုလ်ဗာဟမ်တန်နှင့် ဂရိကလပ် အိုလံပီယာကို့စ်ပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ဗိုလ်အသင်း အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် အိမ်ရှင် ဗိုလ်ဗာဟမ်တန်က ၃-၄-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ဧည့်သည် အိုလံပီယာကို့စ်သည် ၄-၃-၃ ပုံစံဖြင့် ပွဲထွက်လာသည်။ ယင်းနှစ်သင်းသည် ပထမအကျော့ ဂရိမြေတွင် ယှဉ်ပြိုင်ခဲ့စဉ်က တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ယနေ့ပွဲတွင် ပွဲချိန် ကိုးမိနစ်၌ ပယ်နယ်တီအခွင့်အရေးမှ ရာအူးဂျီမီနက်ဇ်က အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် ဗိုလ်အသင်းသည် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့ နှစ်ကျော့ပေါင်းရလဒ်ဖြင့် တက်ရောက်ခဲ့သည့် အခြားအသင်းများမှာ မန်ယူက LASK ကို ခုနစ်ဂိုး-တစ်ဂိုး၊ ဘေဆယ်လ်က ဖရန့်ဖတ်ကို လေးဂိုး-ဂိုးမရှိ၊ ဆီဗီလာက ရိုးမားကို နှစ်ဂိုး-ဂိုးမရှိ၊ အင်တာက ဂီတာဖေးကို နှစ်ဂိုး-ဂိုးမရှိ၊ ရှက်တာဒိုးနက်ခ်က ဝုဖ်ဘတ်ကို ငါးဂိုး-တစ်ဂိုး၊ လေဗာကူဆင်က ရိန်းဂျားကို လေးဂိုး-တစ်ဂိုးနှင့် ကိုပင်ဟေဂင်က အစ္စတန် ဘူလ်ကိုသုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြကာ နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့ကြသည်။

ယူအီးအက်ဖ်အေ ကွာတားဖိုင်နယ်ပွဲစဉ် တွေ့ဆုံမှုများ ထွက်ပေါ်ခဲ့ရာ အီတလီကလပ် အင်တာနှင့် ဂျာမန်ကလပ် လေဗာကူဆင်၊ အင်္ဂလန်ကလပ် မန်ယူနှင့် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်တို့ တွေ့ဆုံခဲ့ပြီး ယင်းနှစ်ပွဲကို သြဂုတ် ၁၁ ရက် နံနက် ၁ နာရီခွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီခွဲတွင် ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်နှင့် ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်၊ အင်္ဂလန်ကလပ် ဗိုလ်ဗာဟမ်တန်နှင့် စပိန်ကလပ် ဆီဗီလာတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယူရိုပါလိဂ်ပွဲစဉ်များကို သြဂုတ်လအတွင်း အပြီးသတ်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အကြိုဗိုလ်လုပွဲကို သြဂုတ် ၁၇ ရက်နှင့် ၁၈ရက် နံနက် ၁ နာရီခွဲတွင် ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ဗိုလ်လုပွဲစဉ်ကြီးကို ဩဂုတ် ၂၂ ရက် စနေနေ့ နံနက် ၁ နာရီခွဲတွင် ဂျာမနီနိုင်ငံ ကိုလုံးမြို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သီဟ