MNL ပြိုင်ပွဲကျင်းပခွင့်ရရန် အသင်းအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမည်

ရန်ကုန်   ၇  ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပခွင့်ရရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသေးစိတ်လမ်းညွှန်ချက်များကို ဖြည့်ဆည်းဆောင်ရွက်၍ အသင်းအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ဇွန်လကတည်းက တင်ပြခဲ့ပြီး သြဂုတ်ပထမပတ်အထိ ခွင့်ပြုချက်မရသေးဘဲ ပြိုင်ပွဲကျင်းပခွင့်ရရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရမည်ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သြဂုတ်ဒုတိယပတ်တွင် ကလပ်အသင်းများ၏ နားနေဆောင်များကို လာရောက်စစ်ဆေးမည်ဖြစ်ပြီး ကလပ်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။

 

ကလပ်အသင်းများ Team Camp အဖြစ် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လက်ရွေးစင်ကစားသမားများ အဆောင်ကို အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အချက် ၄၅ ချက်နှင့်အတိုင်း လိုက်နာနေထိုင်ရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သြဂုတ် ၁၀ ရက်တွင် နားနေဆောင်များကို လာရောက်စစ်ဆေးမည်ဖြစ်ပြီး ယင်းရက်ပိုင်းမှာပင် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် ရောဂါပိုးလုံးဝမရှိမှသာ ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က သတင်းထုတ်ပြန်ခဲ့သည်။ ကလပ်အသင်းများ အဆင်ပြေစေရန် လေ့ကျင့်ရေးကွင်းများကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

 

၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ရပြီး ရောဂါပိုးရှိ မရှိနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက ယခုလအတွင်း ပြန်လည်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ညီမြတ်သော်တာဓာတ်ပုံ-ဖိုးသော်ဇင်