မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စားသောက်ကုန်များ ထောက်ပံ့

ဟင်္သာတ ၂ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အိပ်ပျက်ကျေးရွာအုပ်စုမှ အိမ်ထောင်စုများအတွက် ယနေ့နံနက် ၁၀ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းရသည့် ဖောင်ဆိပ်ကျေးရွာမှ နေအိမ် ၁၀၅ လုံး၊ ငှက်ပျောတောကျေးရွာမှ ၅၇ လုံးနှင့် တာငုတ်ကျေးရွာမှ ၃၄ လုံး စုစုပေါင်း လူနေအိမ် ၁၉၆ လုံးအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၁၂)ပြည်ဝင် ဆန်(၁)အိတ်၊ ပဲဆီ(၅၀)ကျပ်သား (၁)ဘူး၊ ငါးသေတ္တာ(၁၀)ဘူး၊ အာလူး(၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာတို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ဖောင်ဒေးရှင်းကိုယ်စား ပြည်သူများလက်ဝယ်သို့ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါကျေးရွာများတွင် ဇွန်လဒုတိယပတ်က စတင်၍ မြစ်ကမ်းပါးပြိုကျမှုများ စတင်ဖြစ်ပွားခဲ့ရာ လူနေအိမ်များနှင့် အလွန်နီးကပ်လာမှုကြောင့် နေအိမ်ပြောင်းရွှေ့မှုများ ဆက်တိုက်ပြုလုပ်နေရပြီး ဒေသခံပြည်သူအချို့ အကူအညီလိုအပ်နေကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

mdn