ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ  ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့ ကြည့်ရှုစစ်ဆေး

ရန်ကုန် ၁  ဩဂုတ်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ် ကြီးဘုရားလမ်း အမှတ်(၁၅၀)ရှိ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန  ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က စက်ရုံ၏ သမိုင်းကြောင်းနှင့်ဖွဲ့စည်းပုံ၊ ပုံနှိပ်စက်များ အခြေအနေနှင့်လုပ်ငန်းများဆောင်ရွက်မှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ ပုံနှိပ်မည့်စီမံချက်တို့ကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ဆန္ဒမဲလက်မှတ်များ ပုံနှိပ်ခြင်းလုပ်ငန်းမှာ အရေးကြီးသည့် လုပ်ငန်းဖြစ်၍ လုံခြုံရေး စီမံချက်သီးခြားရေးဆွဲထားမှုနှင့်အညီ စီမံချက်ပါအတိုင်း  ဂရုပြုလိုက်နာဆောင်ရွက်ကြရန်၊ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း စစ်ဆေးကြပ်မတ်ရန်နှင့် အခြားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်းရှိ ပုံနှိပ်စက်များ၊ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ပုံနှိပ်စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးရာ လုပ်ငန်းခွင်အလိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရှိ ဖိုတိုလစ်သို စက်ရုံ ကို ဓာတ်ပုံပညာ (Photography)   နှင့် ကျောက်ပုံနှိပ်ပညာ (Litho Graphy) တို့ကို ပေါင်းစပ်ပုံနှိပ်ခြင်း (Photolitho Graphy)အရ အမည်ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်ရုံတွင် ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော ကျောင်းသုံးဖတ်စာအုပ်များ၊ အပတ်စဉ် ထုတ်ရွှေသွေးဂျာနယ်၊ လစဉ်ထုတ်သုတပဒေသာစာအုပ်၊ ဝန်ကြီးဌာနနှင့် ပြင်ပမှအပ်နှံသော အထွေထွေပုံနှိပ်လုပ်ငန်းများ၊ စာပေဗိမာန်မှ ထုတ်ဝေသော စာအုပ်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှအပ်နှံသော လုပ်ငန်းများကို အဓိကဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အမှတ် ၂၂/၃၂ ၊၆ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ ကြေးမုံသတင်းစာပုံနှိပ်စက်ရုံနှင့် Myanmar Digital News Online Media လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

သတင်းစဉ်