AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

နေပြည်တော် ၁  ဩဂုတ် 

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကဇူးကိုင်း - ဒါးလက် သွားလမ်း၌ ယာဉ်ဝင်/ထွက် စစ်ဆေး နေစဉ် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ဂျိတ်ချောင်းကျေးရွာမှ အမ်းမြို့သို့ ဂျိတ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်တွင် မိုင်းထိဒဏ်ရာရလူနာ ၁ ဦး ပါရှိလာသဖြင့် စစ်ဆေးမေးမြန်းခဲ့ကြောင်း။

 

စုံစမ်းမေးမြန်းချက်များအရ ဂျိတ်ချောင်းကျေးရွာနေ ဦးမောင်တင်သည် ဂျိတ်ချောင်းရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ဒညင်းခြံသို့ ဇူလိုင် ၂၉ ရက်တွင် ဒညင်းသီး ခူးရန်သွားစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိသေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်အထိ နေအိမ်သို့ ပြန်လည် မရောက်ရှိသဖြင့် မြေးတော်စပ်သူ သက်နိုင်စိုး နှင့်အတူ ရွာသား ၇ ဦးခန့်က လိုက်လံရှာဖွေခဲ့ပြီး မိုင်းနင်းမိသေဆုံးသူ အဘိုးဖြစ်သူအလောင်းအား သယ်ယူ ရန် ပြင်ဆင်စဉ် သက်နိုင်စိုးမှာ မိုင်းတစ်လုံးအား ထပ်မံနင်းမိသေဆုံးခဲ့ကာ တစ်ရွာတည်းနေ ဦးဆန်း ဝင်း မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းမိုင်းစ ထိမှန်ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော်ဆေးရုံတွင် လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကားလမ်းများ၊ ကျေးရွာချင်းဆက် လူသွားလမ်းများနှင့် ကျေးရွာများအနီး မိုင်းထောင်ခြင်း၊ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်ထိ အရပ်သား မိုင်းနင်းမိသေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်ရ သိရသည်။ 

 

(သတင်းစဉ်)