တောင်သာမြို့နယ် မင်းတည်းရွာ၌ တောင်သူအခြေပြု သုတေသနစခန်းထူထောင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ၁ ဩဂုတ်

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မတူကွဲပြားသည့် ရေ၊ မြေ၊ ဒေသ၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေသည့် သီးနှံမျိုးများ ရှာဖွေဖော်ထုတ်ခြင်း အဆင့်မြင့် သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်မည့် တောင်သူအခြေပြု သုတေသနစခန်း ထူထောင်နိုင်ရေးအတွက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒေသသုတေသနဌာနစု တာဝန်ခံ ဦးဇော်ဝင်း၊ မြင်းခြံ စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်ထွေးထွေးနှင့် သုတေသနပညာရှင်များသည်  တောင်သာမြို့နယ်၊ မင်းတည်းရွာသို့ ယမန်နေ့က လက်တွေ့ကွင်းဆင်းစစ်ဆေးသည်။

 

မင်းတည်းရွာရှိ တောင်သူ့စုရပ်တွင် ဒေသခံတောင်သူအဖွဲ့နှင့် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို လက်တွေ့ကွင်းဆင်းလေ့လာ၍ စစ်တမ်းများ ကောက်ယူမှတ်သားကာ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ဒေသကိုယ်စားပြု သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် တောင်သူအခြေပြု ဒေသကိုယ်စားပြု သုတေသနစခန်းများ ထူထောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသုတေသနစခန်းတွင် တောင်သူခေါင်းဆောင်က သုတေသနပညာရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများရရှိကာ ဈေးကွက် စံချိန်၊ စံညွှန်းပြည့်မီသည့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် တောင်သူများက မင်းတည်းရွာ၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ကြက်သွန်နှင့် နှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် ကြုံတွေ့နေရသည့် မြေဆီလွှာနှင့် စိုက်ပျိုးရေ အခက်အခဲများအား တင်ပြရာ ညွှန်ကြားရေးမှူးချုပ်က မြေနမူနာနှင့် စိုက်ပျိုးရေ နမူနာများအား စစ်ဆေးစမ်းသပ်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ချွေတာသုံးစွဲနည်းလမ်းဖြစ်သော အစက်ချရေပေးသွင်းခြင်းနှင့် ရေမွှားစနစ်ပေးသွင်းခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။ တောင်သူအခြေပြု သုတေသနစခန်းထူထောင်ရန် အစီအစဉ်အား မင်းတည်းရွာရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများက စိတ်အားထက်သန်မှုအပြည့်ဖြင့် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

မေမိုးသဲ