ဒီနေ့အတွက် သိကောင်းစရာ (၅၇)

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁) ရက်

==============================

ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါအကြောင်း ဘာတွေသိထားသင့်လဲ?
 

ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါသည် ချီကန်ဂန်ညာဗိုင်းရပ်စ်ပိုး (Chikungunya virus) သယ်ဆောင် ထားသော အေးဒီး(စ်)ခြင်ကျား (Aedes aegypti, Aedes albopictus) ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ပါတယ်။ ၎င်းခြင်ကျားများသည် သွေးလွန်တုပ်ကွေးရောဂါကိုလည်းဖြစ်စေသော ခြင်များဖြစ်ပြီး ရေကြည်ရေသန့်တွင် ပေါက်ပွားပါတယ်။ နေ့အချိန်များတွင်ကိုက်လေ့ရှိပြီး မနက်အစောပိုင်းနှင့် နေဝင်ခါနီးအချိန်များတွင် အများဆုံး ကိုက်လေ့ရှိပါတယ်။ ခြင်ကျားကိုက်ခံရပြီး (၃)ရက်မှ (၇)ရက်အတွင်း ရောဂါလက္ခဏာများ စတင်ပြသလေ့ ရှိပါတယ်။

 

ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါ၏ ရောဂါလက္ခဏာများ -

• ကိုယ်အပူချိန်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်အမြစ်များရောင်ခြင်း/ ကိုက်ခဲခြင်း၊ အရေပြားတွင်အနီကွက်များထွက်ခြင်း၊ ရောဂါကူးစက်ခံရသူအများစုမှာ တစ်ပတ်အတွင်း သက်သာပျောက်ကင်း ကြသော်လည်း အချို့သူများတွင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို လနှင့်ချီ၍ ခံစားရနိုင်ပါတယ်။

• မွေးကင်းစကလေးငယ်များ၊ အသက် (၆၅) နှစ်နှင့် အထက်လူကြီးများ၊ နာတာရှည်ရောဂါ (သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါ) ခံစားနေရသူများတွင် ရောဂါပိုမိုပြင်းထန်တတ်ပါတယ်။

 

ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါ ကုသရန်နှင့် ကာကွယ်‌ရန်နည်းလမ်းများ - ချီကန်ဂန်ညာရောဂါ လက္ခဏာများ သက်သာစေရန်အတွက်သာ ကုသမှုပေးနိုင်ပြီး သီးသန့်ကုထုံးမရှိသေးပါ၊ ကာကွယ်ဆေးမရှိသေးပါ။ ဆေးရုံ၊ ဆေးခန်း နှင့် ကျန်းမာရေးဌာနများတွင် စမ်းသပ်စစ်ဆေး၍ကုသမှုခံယူပါ။

 

ရောဂါဖြစ်ပွားမှုမရှိစေရန် ကာကွယ်ခြင်းနည်းလမ်းမှာ -

ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းရေးနှင့် ခြင်ကိုက်မခံရအောင်နေထိုင်ရေးဖြစ်ပါတယ်။

မိမိတို့၏ နေအိမ်နှင့် ပတ်ဝန်းကျင်တွင်ခြင်ကျားလောက်လမ်း မပေါက်ဖွားနိုင်စေရန်အတွက် -

• ရေသိုလှောင်နိုင်သော ရေစည်၊ ရေအိုးများကို စနစ်တကျ ဖုံးအုပ်ခြင်း၊ ရေလဲလှယ်ခြင်း၊ ရေစစ်ခြင်း၊ ခြင်ဥများ ကပ်တင်မကျန်စေရန် အတွင်းပိုင်းနံရံများကို သေချာစွာ တိုက်ချွတ်ဆေးကြောခြင်း၊ ခြင်ကျား/ ပိုးလောက်လမ်း သေဆေး (အဘိတ်) ခတ်ခြင်း၊

• ရေတင်ကျန်နိုင်သော စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့်

• ခြင်ပေါက်ပွားနိုင်သော နေရာများကို တစ်ပတ်လျှင် (၁) ကြိမ် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ရပါမယ်။

• ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ပါ။ ကလေး၊ လူကြီး အားလုံး နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ။

 

- ချီကန်ဂန်ညာ (ဆင်တုပ်ကွေး)ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာရောဂါများကိုကာကွယ်နိုင်ရန် ပြည်သူအားလုံး ခြင်ကျားပိုးလောက်လမ်း မပေါက်ဖွားနိုင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။

 

Crd>ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန