၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်

၃၁ ဇူလိုင်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်ကျင်းပမည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပနိုင်တော့မည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်လျက်ရှိသည်။

 

အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအား ဖျက်သိမ်းရန် စီစဉ်လျက်ရှိပြီး နှစ်နှစ် တစ်ကြိမ် ကျင်းပနေသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုမူ လာမည့်နှစ်တွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲပြောင်းလဲကျင်းပရန် အဖွဲ့ဝင်နိုင်ငံများ၏ ဆန္ဒသဘောထားကို မေးမြန်း ခဲ့ပြီး လာမည့်နှစ်သို့ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ (ယခင် တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ) ကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်ကလည်း သတ်မှတ်ထားသည့်နှစ်တွင် မကျင်းပနိုင်ခဲ့ဘဲ ၂၀၀၇ ခုနှစ်တွင် ပြောင်းလဲကျင်းပခဲ့ရသည်။ 

 

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခင်က နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကျင်းပရန် စီစဉ် ထားခြင်းဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲကျင်းပသည့်ပုံစံပြောင်းလဲရန်အထိ စီစဉ်ခဲ့သော်လည်း ယခုနှစ်အတွင်း ကျင်းပရန်မဖြစ်နိုင်သောကြောင့် ၂၀၂၁ ခုနှစ်သို့ ပြောင်းလဲခဲ့ကာ  ကျင်းပမည့်ရက်ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခင်က နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဆူဇူကီးဖလားပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သောကြောင့် အောက်တိုဘာနှင့် နိုဝင်ဘာတွင်ကျင်းပမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်သုံးပွဲသာ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၂ ကြိမ် ကျင်းပထားပြီး ထိုင်းအသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းဖြစ်နေကာ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ ၂၀၁၈ ခုနှစ်က နောက်ဆုံးကျင်းပထားသည့်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ဗိုလ်စွဲထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်