မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

မော်လမြိုင် ၁၈ ဇန်နဝါရီ    


မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက  ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျွန်း အောက်ဆိပ်ကျေးရွာသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆိပ်ကျေးရွာ ကျောင်းဟောင်းဘုန်းတော်ကြီးကျောင်း ဆရာတော် (ဓမ္မာစရိယ) ဦးနာဂသေနအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်စာသင်ကျောင်း၌ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံရာတွင် “ယခုလိုဘေးသင့်တဲ့ဒေသတွေမှာ လူထုအတွက် အစိုးရက ဝန်ဆောင်မှုကို လုပ်ပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအနေဖြင့် လေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများပေးမည့်အပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ ခင်းပေးကာ လျှပ်စစ်မီးများ ရရှိအောင်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းအပြင် တိုက်နယ်ဆေးရုံတစ်ရုံရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း” ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆိပ်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် သွပ်အချပ် ၁၅၀ဝ နှင့် ပြိုကျပျက်စီး (နေအိမ်၊အဆောက်အဦ) ၁၁၄ လုံး တစ်လုံးလျှင် တစ်သိန်းကျပ်၊ အမိုးလန်းပျက်စီး (နေအိမ်၊ အဆောက်အဦ) ၂၈၂ လုံး တစ်လုံးလျှင် ငါးသောင်းကျပ် စုစုပေါင်းနေအိမ် အဆောက်အဦ ၃၉၆ လုံးအတွက် ထောက်ပံ့ငွေ ကျပ် ၂၅၅ သိန်းကို ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကလက်ခံရယူပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ ရေးမြို့နယ် လမိုင်းမြို့ ကုလား ကုတ်ကျွန်း ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာသည် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခံရမှုကြောင့် လူနေအိမ်အဆောက်အဦး(၁၁၄)လုံး ပြိုကျပျက်စီးပြီး လူနေအိမ် အဆောက်အဦ ၂၈၂ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းမှ အဆောက်အဦး ၇ လုံး၊ အ.ထ.က စာသင်ကျောင်းမှ အဆောက်အဦသုံးလုံးနှင့်အ.မ.က(မွန်) စာသင်ကျောင်းမှ အဆောက်အဦတစ်လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခရိုင် ပြန်/ဆက် မှသိရသည်။


MDN