(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက်၊ ကျောက်ပန်းတောင်း ဘဏ်ခွဲဖွင့်လှစ်

ကျောက်ပန်းတောင်း ၁၈ ဇန်နဝါရီ  

 

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက်၊ ကျောက်ပန်းတောင်း ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်  နံနက်ပိုင်းက အဆိုပါ ဘဏ်ခွဲပရဝုဏ်တွင် ကျင်းပရာ တာဝန်ရှိသူများက ဘဏ်ခွဲဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းက စက်ခလုတ်နှိပ်၍  ဖွင့်လှစ်ပေးကာ   ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

 

ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက် ကျောက်ပန်းတောင်းဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၅၇) ခုမြောက်ဘဏ်ခွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်သစ်ရပ်ကွက်၊ အမှတ်(၄၄၃) တွင် ဖွင့်လှစ်ထားရှိသည်။

 

အင်းဝဘဏ်လီမိတက်သည် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း (၉)ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျှောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားအပေါ်မူတည်၍  ၁၀  ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျှက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)