အစိုးရနှင့် NCA- S EAO ကိုယ်စားလှယ်များ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေးကျင်းပ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရာတွင် ထည့်သွင်းမည့် သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း

ရန်ကုန် ၂ ဇူလိုင် 

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ NCA -S EAO ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ကျင်းပသည်။


အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ ကြာဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာ စိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့် တက်ရောက်သည်။


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ ရယူနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်များ (၄)ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး  ယနေ့အစည်းအဝေးသည် (၅)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊  NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူကိစ္စများကို ဆွေးနွေးခဲ့ကြရာတွင် သဘောတူညီချက်များစွာကို ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။ 


ပြီးခဲ့သည့် စတုတ္ထအကြိမ် နှစ်ဖက် အလုပ်အဖွဲ့အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်များနှင့် ပတ်သက်ပြီး နှစ်ဖက်သဘောထားများကိုလည်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေရသည့် ကာလအတွင်း အကန့်အသတ်များ ရှိနေသော်လည်း ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး ရှေရှည်တည်တံ့ခိုင်မြဲသည့်  ငြိမ်းချမ်းရေးအတွက်၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် ဆက်လက်ဖော်ဆောင်မည့် လမ်းညွှန်အခြေခံမူများ၊ သဘောတူ ညီချက်များ၊ ဖော်ထုတ်ရရှိနိုင်ရန်အတွက် နှစ်ဖက်ဆွေးနွေးဘက်များအကြား နားလည်မှုရှိရှိနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့်အတွက် ဝမ်းသာအားရပါကြောင်း။


ယနေ့ အစည်းအဝေးတွင်လည်း နှစ်ဖက်လိုလားချက်များကို တစ်ဖက်နှင့်တစ်ဖက် ယုံယုံကြည်ကြည် ဆွေးနွေးညှိနှိုင်းကြပြီး ဦးစားပေးဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ သဘောတူညီချက်များကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။


NCA ၏ အဓိက လုပ်ငန်းကဏ္ဍကြီး နှစ်ရပ်ဖြစ်သည့် နိုင်ငံရေးဆွေးနွေးမှုပိုင်းနှင့် တပ်ပိုင်းဆိုင်ရာတို့ကို ဟန်ချက်ညီ အကောင်အထည်ဖော်ရန် လိုအပ်သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ရယူနေသလို တစ်ဖက်တွင်လည်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်၍ ၂၀၂၀ အလွန်တွင် မည်သို့မည်ပုံ ဆွေးနွေးမည်၊ မည်ကဲ့သိုသောသူများနှင့် ဆွေးနွေးမည်ဆိုသည်ကို  ဇွန် ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO တို့၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးကြောင့် ၂ နှစ်နီးပါး မကျင်းပနိုင်ခဲ့သည့် JMC-U အစည်းအဝေးကို ဇူလိုင် ၇ ရက် နှင့် ၈ ရက်နေ့များတွင် ပြန်လည်ကျင်းပနိုင်မည်ဖြစ်ပြီး အပစ်ရပ်ခိုင်မာရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း။ 


မိမိတို့အားလုံး လိုလား၊ လက်ခံထားကြသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဖြစ်ပါကြောင်း၊ တစ်ဖက်၏ လိုလားချက်၊ သဘောထားများကို တစ်ဖက်က နားလည်လက်ခံပြီး နှစ်ဖက် လက်ခံနိုင်သည့် ရလဒ်ကောင်းများရရှိစေရန် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊  မိမိတို့ရည်မှန်းထားသည့်အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ်လ ဒုတိယပတ်အတွင်းကျင်းပ၍ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုရန်နှင့် စာချုပ်တွင် အရေးပါသည့် သဘောတူညီချက်များပါဝင် ချုပ်ဆိုနိုင်ရန်အတွက် မိမိတို့ ဆွေးနွေးဖက်များအကြား တာဝန်ရှိသလို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။ 


ဆက်လက်၍ NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးတွင် ချန်ထားခဲ့သည့် ဆက်လက်ညှိနှိုင်းရန် အချက်များကို ယနေ့အစည်းအဝေးတွင် သဘောတူညီချက်ရရှိရန် ကြိုးပမ်းညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မူအားဖြင့် သဘောတူထားသည့် အချက်များကို အပြီးသတ် သဘောတူညီမှု ရရှိရန် ဆက်လက် ကြိုးပမ်းညှိနှိုင်းကြမည် ဖြစ်ပါကြောင်း။ 


ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုကြမည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအခြေအနေအောက်တွင် ကျင်းပရနိုင်ဖွယ်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်းအဝေး၊ JICM အစည်းအဝေး ကျင်းပရေးကိစ္စများကို ပြီးခဲ့သည့် အစည်းအဝေးတွင် သဘောတူထားပြီးဖြစ်၍ အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားရန် လိုအပ်ပါကြောင်း။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်ဩဂုတ်လအတွင်း ကျင်းပရန် သဘောတူညီထားပြီးဖြစ်ကာ လျာထားသည့်အတိုင်း အချိန်မှီကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီများအတွက် ကြိုတင်ပြင်ဆင်ချိန် အလုံအလောက်ရရှိရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ညီလာခံကို ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေအောက်တွင် ကျင်းပရမည်ဖြစ်၍ ညီလာခံ အခင်းအကျင်းအား ပြောင်းလဲကျင်းပရန် ရှိသော်လည်း အားလုံးလက်ခံသည့် ညီလာခံရလဒ်ရရှိရေးအတွက် အစုအဖွဲ့အသီးသီး၊ အလွှာအသီးသီးက ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်နိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်သွားရန် လိုပါကြောင်း။ 


ယခုညှိနှိုင်းအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါ အရာရောက်သည့် အစည်းအဝေးဖြစ်သည်နှင့်အညီ  အစည်းအဝေးရလဒ်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည်နေသည်ဖြစ်၍ ရလဒ်ကောင်းရရှိရန် ကြိုးပမ်းရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း၊ အားလုံးကျေနပ်လက်ခံပြီး ပြီးပြည့်စုံသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ ချောချောမွေ့မွေ့ဖြင့် ရှေ့ဆက်ချီတက်သွားနိုင်ရေးအတွက် ယခုညှိနှိုင်း အစည်းအဝေးတွင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ယနေ့ အစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူ ညီချက်များနှင့် အထွေထွေကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။ 


ယနေ့အစည်းအဝေးမှ ရရှိလာသည့် နှစ်ဖက်ဆွေးနွေးညှိနှိုင်းချက်များအား သီးခြားစီ အစုအဖွဲ့အလိုက် ပြန်လည်ဆွေးနွေးသုံးသပ်၍ ဇူလိုင် ၄ ရက်တွင် အစည်းအဝေးကို ပြန်လည်ကျင်းပကာ နှစ်ဖက်သဘောတူညီချက်များ ရယူညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်