ရထားစီးခရီးသည်များ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရထားများပေါ် ခိုး၊ ဆိုး၊ နှိုက်များနှင့် တရားမဝင် စျေးရောင်းချသူများ ကာကွယ်တားဆီးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂ ဇူလိုင်

ရထားစီးခရီးသည်များ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရထားများပေါ် ခိုး၊ ဆိုး၊ နှိုက်များနှင့် တရားမဝင် စျေးရောင်းချသူများအား ကာကွယ်တားဆီးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာ့မီးရထား(ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ရထားစီးခရီးသည်များ အနေဖြင့် ရထားများပေါ်တွင် ၎င်းတို့၏ ဖုန်းများ၊ ပစ္စည်းများ၊ မကြာခဏ ခိုးယူလုယက်ခံရမှုများ ဖြစ်ပွားနေပြီး အဆိုပါကိစ္စများသည် သတင်း၊ မီဒီယာများပေါ်၌ ပျံ့နှံ့နေကြောင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်း၌ ယခင်က ရထား(၁၀)စင်းပြေးဆွဲခဲ့ပြီး ယခု ကိုဗစ်-၁၉ ကာလတွင် (၄)စင်းသာ ပြေးဆွဲနေကြောင်း၊ ခရီးသည်စီးနင်းမှု နည်းပါးသည့်အခြေအနေကို အခွင့်ကောင်းယူ၍ ပျဉ်းမနားနှင့် တောင်ငူဘူတာကြား၌ ခိုး၊ ဆိုး၊ နှိုက်သည့်ဖြစ်စဉ်များ ဖြစ်ပွားမှုများပြားနေခြင်းကြောင့် မည်ကဲ့သို့ ကာကွယ်တားဆီး အရေးယူဆောင်ရွက်မည်ကို ခေါ်ယူညှိနှိုင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ တက်ရောက်လာသူများက ရထားများပေါ်တွင် ခရီးသည်များ၏ ပစ္စည်းများ ခိုးယူခံရသည့် ဖြစ်စဉ်များကို ဖော်ပြပြီး မြန်မာ့မီးရထား တာဝန်ရှိသူများက ဘူတာနှင့် ရထားများပေါ်တွင် လိုက်ပါစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ယင်းနောက် ရထားရဲတပ်ဖွဲ့မှ ခေတ္တတပ်ဖွဲ့မှူး ရဲမှူးကြီး တင့်လွင်နှင့် ဒုတိယရဲမှူးကြီး လားလ်ဗဟာဒူးတို့က ရှောင်တခင်စစ်ဆေးရေး စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ရထားရဲအင်အားများကို ထုတ်နှုတ်စုစည်း၍ ဘူတာနှင့် ရထားများပေါ်တွင် လိုက်ပါစစ်ဆေးရန် စီမံချက် ရေးဆွဲဆောင်ရွက ်နေပါကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့များ၊ မြန်မာ့မီးရထားဝန်ထမ်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်များအရ ပျဉ်းမနားနှင့် တောင်ငူဘူတာကြား၌ ခိုးမှု၊ လုယက်မှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် လျော့နည်းကျဆင်းစေရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ရထားရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဘူတာယာဒ်ဝင်း၊ ရထားများပေါ်တွင် စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ပြီး တွေ့ရှိပါက ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်