MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများကျင်းပရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေ

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် MNL အမှတ်ပေးပြိုင်ပွဲ အပါအဝင် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ကျင်းပရန် လျာထားပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခွင့်ရရန် သက်ဆိုင်ရာထံ တင်ပြထား သော်လည်း ဇူလိုင် ၁ ရက်အထိ ခွင့်ပြုချက်မရသေးခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြိုင်ပွဲများအား သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ပြိုင်ပွဲစတင်ပါက အသင်းများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကစားမည့်ကွင်းများအား ပိုးသတ်ဆေးဖျန်းခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

"မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွေဟာ လူပေါင်း ထောင်သောင်းချည်ပြီး ဆက်နွှယ်ပတ်သက်နေတဲ့ အမျိုးသား အားကစားဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖို့ လိုအပ်နေလို့ စတင်နိုင်တဲ့အချိန်မှာ အစောဆုံး မဖြစ်မနေ ပြန်လည်စတင်ကျင်းပနိုင်ဖို့ အရေးကြီးပါတယ်။ ပြောရရင် ဘောလုံးအားကစားဟာ အားလုံးအတွက်ရော နိုင်ငံတော်အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အပိုင်းက နိုင်ငံတော်အစိုးရကို ခွင့်ပြုချက်ရရှိဖို့ ပြီးခဲ့တဲ့ တစ်လနီးပါးလောက်ကတည်းက တင်ပြစာ ကြိုတင်တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက အသေးစိတ် အစီအစဉ်တွေကို ပြန်လည်မေးမြန်းလာတဲ့အတိုင်း ဘောလုံးပွဲတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံတကာမှာ လက်တလော ကျင့်သုံးဆောင်ရွက်နေကြတဲ့ အစီအမံတွေအတိုင်း ပရိသတ်မပါဘဲ ကွင်းပိတ် ကစားဖို့အပါအဝင် ဘောလုံးပွဲတွေကြောင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိရအောင် ဘယ်လို စနစ်တကျ စီမံဆောင်ရွက်သွားမလဲဆိုတာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတစ်ဆင့် အသေးစိတ် ထပ်မံ တင်ပြထားပြီးဖြစ်လို့  ဒီရက်ပိုင်း အစိုးရခွင့်ပြုချက်ရလာမလားဆိုတာကို စောင့်ကြည့်ပါမယ်။ နောက်ထပ် ရက်အတော်ကြာထိ ခွင့်ပြုချက် ကျမလာရင်တော့ ပွဲစဉ်ဇယား အပြောင်းအလဲလုပ်ဖို့ကို ကလပ်အသင်းတွေ အားလုံးနဲ့ရော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနနဲ့ပါ ဆွေးနွေးတိုင်ပင်ပြီး အဆင်ပြေဆုံးဖြစ်မယ့် ပွဲစဉ် ဇယားတစ်ခုကို ပြန်လည်ရေးဆွဲထုတ်ပြန်ပေးပါမယ်။ နိုင်ငံတော်အစိုးရက ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ရေရှည်လုံခြုံစိတ်ချကောင်းမွန််ရေးအတွက် ကောင်းမွန်တဲ့အစီအမံတွေနဲ့ စနစ်တကျ စီမံဆောင်ရွက်နေတာကို နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘောလုံးအပါအဝင် လုပ်ငန်းအားလုံးနီးပါး ရပ်ထားရတာ သုံးလေးလ ကျော်လာတော့ အားလုံးက အခက်အခဲတွေအများကြီး ရှိနေကြပါတယ်။ အလွှာစုံအခက်အခဲ တွေ့နေကြတာပါ။ ဒါကြောင့် စတင်နိုင်တဲ့လုပ်ငန်းတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လူအင်အား အနည်းဆုံးနဲ့ ပြန်လည်စတင်ဖို့ စဉ်းစားခွင့်ပြုပေးဖို့လိုမယ်လို့ အားလုံးကိုယ်စား ထင်မြင်မျှော်လင့်မိပါတယ်။ တကယ်လို့ ကျွန်တော်တို့ဘောလုံးပွဲတွေကို မျှော်မှန်းပြင်ဆင်ထားတဲ့အတိုင်း ကျင်းပခွင့်မရသေးဘူးဆိုရင်တော့ ပွဲစဉ်ဇယားတွေကို လိုအပ်သလို ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်သွားပါမယ်။

ကျွန်တော်တို့ MNL Operation အပိုင်းအနေနဲ့တော့ ပွဲစဉ်ဇယားကို ကွင်းတွေလက်ခံနိုင်မှု၊ ကလပ်အသင်း တွေအနေနဲ့ အခက်အခဲသိပ်မရှိနိုင်အောင်နဲ့ လက်ရွေးစင် အသင်းလေ့ကျင့်မှုအတွက်လည်း အများကြီး ထိခိုက်မှုမရှိအောင်အပါအဝင် ပရိသတ်ကို ပေ့ချ်တွေ၊ တီဗီချန်နယ်တွေကနေတစ်ဆင့် Live ပြသပေးနိူင်အောင် သေချာချိန်ထိုးသုံးသပ်ဆွေးနွေးအတည်ပြုပြီး Draft Fixture (B & C) အထိ အကြမ်းဖျဉ်း လျာထားရေးဆွဲထားပြီးပါပြီ၊ ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ လိုအပ်လာတဲ့အချိန်ကျရင် အသင်းတွေအားလုံးကို ချပြမှာပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇူလှိုင်(၁၆)ရက်မှာပြန်လည်စတင်ဖို့ ဆုံးဖြတ်ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားတွေက လက်ရှိအနေအထားအရ အားလုံးအတွက် အဆင်ပြေဆုံးဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း လိုအပ်တဲ့လမ်း ညွှန်မှုတွေ(လိုအပ်ရင်) ထပ်တိုးချမှတ်ပေးပြီး ကျွန်တော်တို့တင်ပြထားတဲ့ရက်အတိုင်း (အားလုံးအတွက် အလွန်အရေးကြီးတဲ့)ဘောလုံးပွဲတွေကို ပြန်လည် စတင်ခွင့်ပြုပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ခွင့်ပြုချက်စာကိုလည်း အမြန်ဆုံးပြန်ချပေးနိုင်ဖို့ အားလုံးကိုယ်စား လေးလေးနက်နက် ထပ်မံတင်ပြတောင်းဆိုချင်ပါတယ်" ဟု MNL CEO ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကလပ်အသင်းများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီးနောက် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၆ ရက်၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၅ ရက်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပရန်လျာထားကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်