ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၏ (၃၈)ကြိမ်မြောက် စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂ ဇူလိုင်

 

ဂျပန်နိုင်ငံ ODA Loan ဖြင့် ဆောင်ရွက်သည့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အဆင့်(၁)ဖြစ်သည့် (ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း) နှင့် စပ်လျဉ်း၍ (၃၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် အထွေထွေမန်နေဂျာများ၊ JICA Myanmar Office Yangon, စီမံကိန်းအတိုင်ပင်ခံအဖွဲ့ (Construction Management Consultant) နှင့် Civil Works and Signaling System လုပ်ငန်းကန်ထရိုက်တာများ ဖြစ်ကြသော ဂျပန်နိုင်ငံမှ FNS-JV ကုမ္ပဏီ၊ TEKKEN-RN JV ကုမ္ပဏီနှင့် TOKYU ကုမ္ပဏီတို့ပါဝင်သော စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် စီမံကိန်းအတိုင်ပင်ခံအဖွဲ့မှ စီမံကိန်းဆိုင်ရာ တိုးတက်မှုများ၊ ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အခြေအနေများ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးခြင်းနှင့် ကန်ထရိုက်တာများက လုပ်ငန်းခွင်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Video Conferencing ဖြင့် တင်ပြဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါသော စီမံကိန်းကြီး တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းကို ဆောနိုင်သမျှ ဆောလျှင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်သူများအနေဖြင့် စီမံကိန်း၏ အသီးအပွင့်ကို ဆောလျှင်စွာ ခံစားရမှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကိုလည်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အဓိကထား ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း စီမံကိန်းအား သတ်မှတ်ကာလအမီ ပြီးစီးနိုင်ရေးအတွက် မြန်မာ့မီးရထားမှ အရာထမ်းများနှင့် အမှုထမ်းများ၊  စီမံကိန်းအတိုင်ပင်ခံအဖွဲ့နှင့် လုပ်ငန်းကန်ထရိုက်တာများအနေဖြင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း မှာကြားသည်။

 

သတင်းစဉ်