သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်းရွာတွင် လူသတ်မှုဖြစ်ပွား

သဲကုန်း  ၂   ဇူလိုင်       

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ပန်းပဲ ကုန်းကျေးရွာတွင်  ဇွန် ၃၀ ရက်နေ့  ညနေ ၃ နာရီအချိန်ခန့်က သားဖြစ်သူက  ဖခင်အား  ဓါးဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ သားဖြစ်သူ အောင်ကိုမင်းသည် ဖခင်ဖြစ်သူ ဦးအေးမြင့်နှင့်အတူ  နေအိမ်တဲတွင် အရက်အတူသောက်နေစဉ် အိမ်သာကျင်း တူးသည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ယောက်တစ်ခွန်း စကားများကာ ဖခင်ဖြစ်သူအား နေအိမ်တဲခြေရင်းထောင့်ရှိ အရိုးအသွား(၂)ပေခန့် ဝါးရိုးတပ် ဓါးမဖြင့်  ခုတ်ခဲ့ရာ   ဦးအေးမြင့်တွင်  ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ကိုမင်းအား အရေးယူပေးပါရန် ဦးကြည်သောင်းက  တရားလို ပြုလုပ် တိုင်တန်းသဖြင့် အင်းမမြို့ရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)