ဂန့်ဂေါမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ  ဒေါင်ဖန်းလက်တွန်းထွန်စက်များ တောင်သူများသို့ လွှဲပြောင်းပေးအပ်

ဂန့်ဂေါ ၁  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ဒေါင်ဖန်းလက်တွန်း ထွန်စက်များ တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက (ဆွယ်) စက်မှုလယ်ယာစခန်း၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ပေးအပ်ပွဲတွင် ဂန့်ဂေါမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအေးမင်းအောင်က ဒေါင်ဖန်းလက်တွန်းထွန်စက် (၂၅)စီးအား တောင်သူများသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်များက မိုးဦးကျ ကာလတွင် လယ်ယာများကိုထွန်ယက်ရမည်ဖြစ်သောကြောင့် ဒေါင်ဖန်းလက်တွန်းထွက်စက်များကို အများဆုံး လာရောက်ဝယ်ယူကြပြီး ဝယ်ယူသူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ယခင်နှစ်က ခရိုင်အတွင်းရှိ တောင်သူများထံ ဒေါင်ဖန်းလက်တွန်းထွန်စက် (၁၅၆)စီးကို ရောင်းချနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါင်ဖန်းလက်တွန်းထွန်စက် (၁၀၃)စီး ရောင်းချ နိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)