ငဖဲမြို့နယ် ရေပုတ်ကျေးရွာသို့ သောက်သုံးရေများသွားရောက်လှူဒါန်း

ငဖဲ   ၁  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များက နှစ်စဉ်သောက်သုံးရေများ သွားရောက်လှူဒါန်းပေး လျက်ရှိရာ ပင်ဦးကျေးရွာအုပ်စု  ရေပုတ်ကျေးရွာမှ ပြည်သူများအတွက် သောက်သုံးရေများကို ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဝေလင်းမောင်၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များက ဇွန်လ ၃၀ ရက် ညနေပိုင်းနှင့် ဇူလိုင်လ ၁ ရက်နေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြသည်။

 

ထိုသို့ လှူဒါန်းရာတွင် ရေပုတ်ကျေးရွာမှ အိမ်ခြေ ၉၃  အိမ်၊ အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၅၉  ဦးအတွက် သောက်သုံးရေ ဂါလန် ၄၀၀၀   ကို ကျေးရွာသုံးအုတ်ရေကန်အတွင်းသို့ ထည့်သွင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)