လှိုင်မြို့နယ်အတွင်းက စံပြအလှပန်းချီ

တင်၀င်းလေး (ကြည့်မြင်တိုင်)

 

''ပန်းသတင်းလေညင်းဆောင် လူသတင်း လူချင်းဆောင်" ဆိုတဲ့ ရှေးလူကြီးများရဲ့ စကားဥပမာလေးတစ်ခုက အခုရက်ပိုင်းအတွင်း နားထဲမှာ တစ်စတစ်စပိုလို့ ကျယ်လောင်လာနေပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်ရဲ့ လှပမွှေးကြိုင်တဲ့သတင်းစကားက လေထဲကနေ အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့လွင့်နေပြီလို့ ထင်ပါတယ်။ စာရေးသူရောက်သွားတဲ့အချိန်မှာ မီဒီယာအချို့စောစီးစွာရောက်နှင့်နေတာကို တွေ့ရလို့ပါ။

 

စာရေးသူကို ပထမလာပြောသူက လှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်ထဲကို ဧည့်သည် အဖြစ်ရောက်ခဲ့ဖူးတဲ့ တူမတစ်ယောက်ပါ။ ဒုတိယကတော့အငှားယာဉ်မောင်းတဲ့ မိတ်ဆွေ တစ်ဦးပါ သတင်းအဖြစ် ပြောပြလာခြင်းရယ် ပါ။ နောက်တစ်ဦးကတော့ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ဒေါ်မေသန္တာ တင်လိုက်တဲ့လိုင်းပေါ်က ပို့စ်တစ်ခုက လှိုင်မြို့နယ်ကို မရောက်ရောက် အောင်သွားဖို့ စာရေးသူကို နှိုးဆော်ခဲ့တာ အမှန်ပါ။

 

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းနဲ့ ချိတ်ဆက်မိခဲ့ပါတယ်။ ချိန်းတဲ့ရက်မှာပဲ ဦးကျော်ကျော်ထွန်းက စာရေးသူကို ဘုရင့်နောင် လမ်းပေါ်က ဘူတာရုံမှတ်တိုင်မှာ လာရောက် စောင့်ကြိုပေးခဲ့ပါတယ်။ စာရေးသူကို သူ့ကား လေးနဲ့အမှတ်(၄)ရပ်ကွက် အေးရိပ်မွန်လမ်းထဲက ကိုယ်ပိုင်ကျောင်းကြီးတစ်ကျောင်းထဲကို ခေါ်ဆောင်သွားခဲ့ပါတယ်။

 

အဲဒီမှာ မော်တော်ကားတာယာနဲ့ ပြုလုပ်ထားတဲ့ ကော်ဖီပုဂံလုံးပုံသဏ္ဌာန် ပန်းအိုးကြီး တွေကို တွေ့ရခြင်းဖြစ်ပါတယ်။ အမျိုးသားတစ်ဦးက အဲဒီ ပုဂံလုံးပန်းအိုးကြီးတွေကို အောက်ခံဆေးအဖြူတွေ သုတ်နေပါတယ်။ ကိုယ့်ထက်အရင် စောရောက်နေတဲ့ ရုပ်သံမီဒီယာတစ်ဖွဲ့က အနီးအဝေးကနေ ကင်မရာ တစ်လုံးနဲ့ ရိုက်ကူးနေပါတယ်။

 

ထန်းအုန်းစပ်အပင်တွေ အစီအရီ တန်းစီရှိ

 

ရောက်ရှိနေတဲ့ ကိုယ်ပိုင်ကျောင်းကြီးရဲ့တစ်လမ်းကျော်မှာ ခမ်းနားလှပတဲ့တိုက်ကြီးတစ်လုံးရှိပါတယ်။ တိုက်ရှေ့ပလက်ဖောင်း မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထန်းအုန်းစပ်အပင်တွေက အစီအရီ တန်းစီရှိနေပါတယ်။ ပလက် ဖောင်းနှုတ်ခမ်းအနားကို အဝါရောင်ဆေးတွေ နဲ့ လိမ်းခြယ်ထားပါတယ်။

 

အဲဒီ ထန်းအုန်းစပ်ပင်ရဲ့ အခြေကနေ လူတစ်ရပ်ကျော်ကျော်အထိကို ပန်းချီလက်ရာတွေနဲ့ လက်စွမ်းပြခြယ်မှုန်းထားတာကို တွေ့ရပါတယ်။ ဝါစိမ်းနီပြာရောင်စုံဖြာလို့ မျက်စိပသာဒရှိလှပါတယ်။

 

အပင်တိုင်းမှာ လူပုံ၊ ပန်းပုံ၊ ငှက်ပုံ၊ရုပ်သေး ရုပ်နဲ့ဒေါင်းပုံ စတဲ့အစုံစုံသော ပုံလေးတွေက သက်၀င်ပန်းချီကားသဖွယ်ရှိလှပြီး စိတ်ကူးပုံဖော်သူ ပန်းချီဆရာရဲ့ စိတ်စေတနာကို ထင်ဟပ်ပေါ်လွင်နေတာ တွေ့မြင်ခံစားလိုက် ရပါတယ်။

 

ပန်းပင်လေးတွေကိုလည်း စိုက်ချင်တယ်

 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက "ဒီအေးရိပ်မွန်အိမ်ရာလမ်းမကြီးမှာက လုံးချင်းတိုက်တွေပါ။ အဲဒီက သူတွေကို စည်းရုံပြီးအိမ်ရှေ့ ပလက်ဖောင်းတွေ ကို မိမိတို့ရဲ့ အစီအစဉ်နဲ့ပြင်ဖို့ ဆွေးနွေးညှိနှိုင်း ပြီး ဆောင်ရွက်ခဲ့တာပါ။ ပလက်ဖောင်းပေါ်မှာ လည်း ကွန်ကရစ်အပြည့် မခင်းချင်ဘူး။ မြက်ခင်းလည်း ရှိစေချင်၊ မြေသားလည်း ကျန်စေချင်တာ၊ အနားယူဖို့ ထိုင်ခုံလေးတွေ လည်းထားချင်၊ မျက်စိပသာဒရှိအောင် ပန်းပင်လေးတွေကိုလည်း စိုက်ချင်တယ်။ အဓိကညိုပြာဆန်းဆိုတဲ့ အပင်လေးတွေစိုက်တယ်။ သူကပွင့်ရင် ခရမ်းရောင်လေးနဲ့ လှတယ်ဗျ။ ရည်ရွယ်ချက်ကတော့ လမ်းထဲလျှောက်လာ ရင် လှပသာယာမှုရပြီး စိတ်ကြည်လင်ချမ်းမြေ့ စေချင်တယ်။ လမ်းထိပ်မှာဆို ပန်းအိုးကြီး နှစ်လုံးချထားတယ်။ နောက်ခရေပင်တွေ စိုက် ထားတယ်။ ခရေပင်ကို ဘာလို့ ရွေးစိုက်ရတာ လဲလို့မေးရင် ခရေပင်က ကြီးလာတာနဲ့ အမျှ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရိပ်ရတယ်။ သူ့ အပွင့်လေးတွေက မွှေးတယ်။ ကြွေကျလို့ ကောက်သီပြီး ပန်လို့ရတယ်။ နောက်တစ်ချက်က မရှိဆင်းရဲတဲ့သူအဖို့ ၀င်ငွေတစ်ခုလည်း ဖြစ်တယ်။ မနက်စောစောကြွေကျတဲ့ ခရေပွင့် လေးတွေကို ကောက်သီပြီး ရောင်းမယ်ဆို ငွေကျပ် ၂၀၀၀ မှ ၃၀၀၀ လောက် ရကြတယ်။ အဲဒါကြောင့် ခရေပင်ကို အလေးထားစိုက်ခဲ့ တာ။ နောက်ဒီလမ်းက ယာဉ်အန္တရာယ်ကင်းရှင်း တယ်။ ဆောင်းတွင်းမနက်ပိုင်းဆို လမ်းလျှောက်တဲ့သူတွေရှိတယ်။ အဲဒီအတွက် နံနက်ဝေလီဝေလင်းမှာ လင်းရှင်းစေဖို့ မီးလုံးလေးတွေ လိုက်ချိတ်ပေးထားပါတယ်။

 

အတတ်နိုင်ဆုံးဆောင်ရွက်

 

“နောက် ပြောချင်တာက ခင်ဗျားစိတ်၀င် စားနေတဲ့အုန်းထန်းစပ်ပင်ကိစ္စ၊ အဲဒီနေရာမှာ က အုန်းထန်းစပ်ပင် ၁၈ ပင်ရှိတယ်။ အပင်တွေဆိုတော့ ပင်စည်တွေက မည်းနေတတ်တယ်။ အဲဒါကို အကြံပေးလာတာက ရပ်ကွက်ထိပ်က အနှေးယာဉ်လုပ်သားတွေပဲ။ အပင်ခြေကို ဆေးသုတ်လိုက်ရင် ပိုကောင်းလာနိုင်တယ်တဲ့ ဟုတ်တယ် ဘယ်သူပေးပေး ကောင်းတဲ့ အကြံဉာဏ်ဆို ကျွန်တော်တို့ လက်ခံတယ်။ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်။ အဲဒါနဲ့ပဲ အပင်အောက်ခြေကနေ လူတစ်ရပ်ကျော်ကျော် အမြင့်အထိကို ပထမဆေးဖြူသုတ်တယ်။ ကြာလာရင် ညစ်ပတ်မလားဆိုပြီး အဝါရောင် ပြန်သုတ်တယ်။ နောက်မထူးပါဘူးကွာဆိုပြီးပန်းချီဆရာ၊ ကျွန်တော်တို့ မြို့နယ်ထဲကပါပဲ အနုပညာတက္ကသိုလ်ကဘွဲ့ရပြီး ILBC မှာ သင်တန်းဆရာလုပ်နေတဲ့ ပန်းချီဆရာ ကိုအောင်လေးရဲ့ အကူအညီနဲ့ပေါ့။ ကျွန်တော် တို့က လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးတယ်။ ပန်းချီဆွဲတယ်။ အခုဆို ဒီအမှတ်(၄)ရပ်ကွက် အေးရိပ်မွန်အိမ်ရာလမ်းက သာယာလှပပြီး လမ်းသွားလမ်းလာအားလုံးက စိတ်ချမ်းသာနေကြတယ်။ သဘောကျကျေနပ်နေကြတယ်။ ကျွန်တော်တို့ပြည်သူ့အပေါ်အခုလိုတစ်စိတ်တစ်ဒေသ ဆောင်ရွက်ပေးနိုင်တဲ့အတွက် ၀မ်းသာပါတယ်”။

 

“အဲဒီကတစ်ဆင့် ဗဟိုလမ်းဘက်ကိုဆက် ခဲ့ကြပါတယ်။ ရွာမကျောင်းလမ်းနဲ့ ဘုရင့်နောင် လမ်းမကြီးအကြား ပလက်ဖောင်းပေါ်မှာပါ။ ရောင်စုံပန်းချီခြယ်သထားတဲ့ ပန်းအိုးကြီးတွေ ကို အစီအရီချထားတာကို တွေ့လိုက်ရပါပြီ။ အရွယ်အားဖြင့် အ၀ ၁၆ လက်မခန့်၊ အမြင့် နှစ်ပေခွဲခန့် လက်ကိုင်ပါတဲ့ ကော်ဖီခွက် ပုံသဏ္ဌာန်ပန်းအိုးကြီးများပဲ ဖြစ်ပါတယ်။ အိုးတိုင်းမှာ စက္ကူပန်းပင်တွေ စိုက်ပျိုးထား ပါတယ်။ ရေ၀နေတဲ့အတွက် အပင်တိုင်းက အရွက်တွေက စိမ်းစိုဝေဆာနေပါတယ်။"

 

စက္ကူပန်းတွေစိုက်တာနဲ့ ပတ်သက်လို့ ဦးကျော်ကျော်ထွန်းက “စက္ကူပန်းက တန်ဖိုး အများကြီးမရှိဘူး။ လမ်းသွားလမ်းလာတွေကလည်း မခူးကြဘူး။ အဖြစ်လည်းမြန်တယ်။ ရေဆိုလည်း နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ လောက်မှလောင်းလည်း အဆင်ပြေတယ်”။

 

ထူးခြားတာက ပန်းအိုးတိုင်းမှာ ရေးဆွဲထားတဲ့ပန်းချီတွေပါပဲ။ ကလေးများအကြိုက် ရုပ်ပုံလေးတွေကို ဦးစားပေးရေးခြယ်ထား တာကို တွေ့ရပါတယ်။ ဆင်ရုပ်၊ မြင်းရုပ် ဇီးကွက်ရုပ်၊ ငါးရုပ်၊ မျောက်ရုပ်၊ ပန်းပုံအစုံစုံ စတာလေးတွေပါ။ ပန်းပင်များကလည်း စိမ်းစိမ်းစိုစို ပန်းအိုးများကလည်း ဆေးသား ရောင်စုံနဲ့မို့ ဗဟိုလမ်းမကြီးပေါ်မှာ ဖြတ်သွား ကြတဲ့ကားပေါ်က လူအများ ငေးကြည့် ရလောက်အောင် စိတ်ဆွဲဆောင်မှုတွေ အပြည့် ရှိနေတာကို တွေ့နေရပါတယ်။ အလွန်ကောင်းတဲ့ စိတ်ကူးတစ်ရပ်ပါ။

 

ငွေကြေးအကုန်အကျများနိုင်

 

အဲဒါနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက " ဒီလို စိတ်ကူးကို ကိုရီးယားနဲ့ ထိုင်းက ရခဲ့တာပါ။ ကိုရီးယားကို ရောက်ခဲ့တုန်းက တွေ့ရတဲ့ ပန်အိုးတွေက ဖိုက်ဘာအိုးတွေပါ။ ငွေကြေး အကုန်အကျများနိုင်တယ်။ နောက်ကျွန်တော်တို့ တိုင်းပြည်နဲ့ မကိုက်ညီနိုင်ဘူး။ အချို့မူးတဲ့ သူတွေ လက်ဆော့တတ်တဲ့ သူတွေကြောင့် အိုးတွေကွဲသွားနိုင်တယ်။ ဒါကြောင့် မဖြစ်ဘူး။ ထိုင်းကိုရောက်တော့ အဲဒီမှာ တာယာ အဟောင်းတွေနဲ့လုပ်ထားတာကို တွေ့ရတယ်။ ပုံစံချင်းတော့မတူဘူးပေါ့။ ဓာတ်ပုံတွေ ရိုက် လာခဲ့တယ်။ စမ်းချောင်းဗဟိုလမ်းက တာယာပစ္စည်းလုပ်တဲ့ဆိုင်တွေမှာ ဓာတ်ပုံပြပြီး ဝင်စုံစမ်းတော့ သူတို့က လုပ်ပေးနိုင်တယ်။ တစ်လုံးကို ကျပ် ၁၀၀၀၀ လောက်ကျတယ်။ တာယာဆိုတော့ တော်ရုံတန်ရုံမပျက်စီးနိုင်ဘူး။ အခုဆို တစ်လုံးကို ၂၄ ပေစီ ချထားတယ်။ ၁၅ လုံး လောက်တော့ချထားမယ်။ ထပ်လည်း မှာထားပါတယ်။ တစ်မြို့နယ်လုံးအတွက်ဆိုရင်တော့ ၄၅ လုံးလောက် မှန်းထားပါတယ်။

 

ပန်းချီကတော့ ညီလေးလို ဖြစ်နေတဲ့ ကိုအောင်လေးကိုပဲ တာဝန်ပေးရတာပါပဲ။ ရေးဆွဲခကို တကယ်တန်းပေးရမယ်ဆိုရင် တစ်လုံးကို ငွေကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ လောက် တန်ပါတယ်။ သူကလည်း ကိုယ့်မြို့ နယ်သားဆိုတော့ ကိုယ့်မြို့နယ် သာယာလှပ ရေးအတွက် အကူအညီပေးတာပါ။ ကျွန်တော် တို့ကလည်း အလှူခံပြီး ဆောင်ရွက်ရတာဆိုတော့ အများကြီးလည်း မပေးနိုင်ဘူး”။

 

ဆေးသုတ်ပြီး ရောင်စုံအလှခြယ်

 

နောက်... ပလက်ဖောင်းဘေးရှိ အုတ်နံရံကြီးကို လက်ညှိုးထိုးပြပြီး “အဲဒီ နံရံတစ်လျှောက်လုံးကို ဆေးသုတ်ပြီး ရောင်စုံ အလှခြယ်သွားဦးမှာ။ ထိုင်ခုံလေးတွေချထားပေးမယ် ၅၀-၀ပ် LED မီးလုံးတွေ ထွန်းထား ပေးမယ်။ ဒါဆိုလမ်းသွားလမ်းလာတွေ ညပိုင်း ရှင်းရှင်းလင်းလင်းသွားနိုင်သလို ဒုစရိုက်ရန် ကလည်း ကာကွယ်ပြီး ဖြစ်သွားတာပေါ့။ ပလက်ဖောင်းပေါ် ပန်းအိုးတွေချထားမယ့် အရှည်က ပေ ၁၁၅၀ လောက်ဆိုတော့ ကျန်းမာ ရေးနဲ့ ပတ်သက်ပြီး အဲဒီအပေါ်မှာ နှစ်ခေါက်လောက် လျှောက်လိုက်တာနဲ့ အဆင်ပြေနိုင်ပါတယ်။ ပလက်ဖောင်းကလည်း ကျယ်ပါတယ်”။

 

အများပြည်သူတွေအတွက် အကျိုးပိုရှိ

 

ဆက်လက်ပြီး "နောက်တစ်ခုက အေးရိပ်မွန်အိမ်ရာရှေ့မှာက ချုံနွယ်တွေ၊ ဆိုင်တန်းတွေ၊ ဘီယာဆိုင်တွေ၊ ပစ္စည်း အဟောင်း အစုအပုံတွေနဲ့ ရှုပ်ထွေးနေတယ်။ အမှန်တကယ်တော့ အဲဒီနေရာတွေက Public Area တွေပါ အများနဲ့ဆိုင်တဲ့ နေရာတွေဖြစ်တာကြောင့် အများပြည်သူတွေအတွက်ပဲ အကျိုးရှိ စေချင်ပါတယ်။ အဲဒါကြောင့် ပန်းခြံလေးတွေ ဖြစ်အောင် ဖန်တီးပေးတယ်။ ပန်းအိုးလေး တွေ ချထားပေးတယ်။ ကလေးတွေ ကစားဖို့ စီးဆော့၊ ဒန်းပုခက်၊ လျှောစတာတွေ စီစဉ်ပေးထားတယ်။ လူကြီးတွေ ကျန်းမာရေးအ ထောက်အကူရစေဖို့ အားကစားပစ္စည်းတွေကို မြို့တော်စည်ပင်နဲ့ ချိတ်ဆက်ပြီး လုပ်ထားတယ်။ အရင်ကဆို အခုလိုမျိုး Public Area တွေမရှိသလောက်ပဲ။ အခုလို ဖော်ထုတ်ပေးနိုင်မယ်ဆို အများပြည်သူတွေအတွက် အကျိုးပိုရှိ လာနိုင်မှာ ဖြစ်ပါတယ်”။

 

ဖြည့်ဆည်းဆောင်ရွက်နေ

 

“ကျွန်တော်တို့အစိုးရ တက်ခါစမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ရည်ရွယ်ချက်က ရန်ကုန်မြို့တော်ကြီးကို သန့်ရှင်းသပ်ရပ်သာယာလှပတဲ့ မြို့တော်ကြီးဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောခဲ့ဖူးတာ ရှိပါတယ်။ အခုအဲဒီရည်ရွယ်ချက် အောင်မြင်ရေးအတွက် ကျွန်တော်တို့ လှိုင် မြို့နယ်က တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းဆောင်ရွက်နေတာပါ”လို့ ဆိုပါတယ်။

 

တတ်စွမ်းသမျှ ဆောင်ရွက်

 

ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းနဲ့ တွေ့ဆုံစကားပြောပြီး လိုအပ်တဲ့ မှတ်တမ်း ဓာတ်ပုံများရိုက်ကာ ပြန်ခဲ့တဲ့နောက်မှာတော့သူနောက်ဆုံးပိတ်ပြောသွားတဲ့ စကားလုံးတွေကို လမ်းတစ်လျှောက် ပြန်လည်ကြားယောင် လာခဲ့ပါတယ်။ “အခုလို လှိုင်မြို့နယ် သန့်ရှင်း သာယာလှပနိုင်စေရေး ပန်းချီအလှခြယ်မှုန်း နိုင်ရေးမှာ ကျွန်တော်တို့အဖွဲ့၀င်တွေ၊ မြို့နယ် အုပ်ချုပ်ရေးမှ တာ၀န်ရှိသူတွေ၊ စည်ပင်အဖွဲ့၀င် တွေ၊ အလှူရှင်တွေ၊ ပူးပေါင်းပါ၀င်ဆောင်ရွက် ပေးကြတဲ့ ပြည်သူတွေအားလုံးကို ကျေးဇူးတင် ပါတယ်။ နောက်-ကျွန်တော်တို့ မြို့နယ်လိုပဲအခြားမဆောင်ရွက်ရသေးတဲ့ မြို့နယ်တွေကပါ တတ်စွမ်းသမျှ ဆောင်ရွက်သွားကြမယ်ဆိုရင် ၀န်ကြီးချုပ်ပြောကြားခဲ့တဲ့ သန့်ရှင်းသာယာ လှပတဲ့မြို့တော်ကြီး အမှန်တကယ်ဖြစ်လာ နိုင်ပါတယ်”လို့။ ။