မြန်မာ့ထွက်ကုန်သီးနှံ ပဲဇီးကွက် မန္တလေးပဲဈေးကွက်၌ အရောင်းအဝယ်သွက်

မန္တလေး ၃၀ ဇွန်

 

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် မြန်မာ့ထွက်ကုန်သီးနှံ ပဲဇီးကွက်များ မန္တလေးပဲဈေးကွက်၌ အရောင်းအဝယ်များ ပုံမှန်ထက်သာလွန်ကာ သွက်လက်မြန်ဆန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါပဲဇီးကွက်ကို တရုတ်နိုင်ငံဈေးကွက်သို့ လွန်ခဲ့သည့် ငါးနှစ်မှစ၍ တင်ပို့ရောင်းချလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ပင် အရောင်းအဝယ်များ ပုံမှန်ကောင်းမွန်လျက်ရှိသည့်အပြင် ယခုရက်ပိုင်း၌ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ပုံမှန်ထက်သာလွန်ကာ အရောင်းအဝယ်များ သွက်လက်မြန်ဆန်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

ဒီပဲရဲ့ ပုံစံကိုက ဇီးကွက်ပုံသဏ္ဌာန်လိုရှိပြီး စွန်တာပြာပဲအမျိုးအစားရဲ့ မျိုးစိတ်တစ်ခုဖြစ်တယ်။ ရေစကြိုဒေသမှာ ဒီပဲဇီးကွက်ကို ကျွန်ပေါ်ရွာတွေက ဇီးကွက်နဲ့တူပြီး ရောင်းပန်းလှလို့ လက်ကောင်ပဲလို့ ခေါ်ကြတယ်။ ဒီပဲဈေးနှုန်းကတော့ စပြီးပေါ်ဦးပေါ်ဖျား မတ်လကတည်းက သုံးတင်းဝင်တစ်အိတ်ကို ၅၂၀ဝ၀ ကျပ်နှုန်းနဲ့ အဖွင့်ဈေးစခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒီဈေးအတိုင်း အတက်အကျမရှိဘဲ အရောင်းအဝယ် ဖြစ်နေတာကို ထူးထူးခြားခြားတွေ့ရတဲ့အပြင် အခုရက်ပိုင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံက ထွက်သလောက်ဝယ်နေကြတယ်ဟု ၎င်းက ပြောသည်။

 

ပဲဇီးကွက်သီးနှံမှာ ပြည်တွင်းပြည်ပ တင်ပို့ရောင်းချရသည့် ပဲအမျိုးအစားဖြစ်ပြီး နှစ်စဉ်ဆောင်းသီးနှံအဖြစ် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများဖြစ်သော ပခုက္ကူ၊ ရေစကြို၊ မုံရွာ၊ မြင်းခြံ၊ ညောင်ဦးနှင့် ဆင်ဖြူကျွန်းမြို့နယ်များတွင် အဓိကစိုက်ပျိုးကာ မတ်လဆန်း၌ စတင်ထွက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် မန္တလေးပဲဈေးကွက်၌ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် ပဲတီးစိမ်း၊ နှမ်း၊ ထောပတ်ပဲနှင့် မြေပဲသီးနှံများမှာ အရောင်းအဝယ်ပုံမှန် သွက်လျက်ရှိသော်လည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိကာ အိန္ဒိယပို့ကုန်ဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံများမှာ ဝယ်လိုအား ကောင်းမွန်လာမှုကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)