ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ (၇၅)ဦးအား မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများမှ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံ

နေပြည်တော် ၃၀ ဇွန်

 

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများမှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၇၅)ဦးအား ဇွန် ၂၆ ရက်တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

 

ယင်းသို့ လွှဲပြောင်းလက်ခံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်သူနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မြဝတီ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြဝတီမြို့ပြည်သူ့ဆေးရုံတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ Songkhla Shelter မှ ညွှန်ကြားရေးမှူး၊ Mr. Parinwat Thitiphonthannawit ဦးဆောင်သောအဖွဲ့ထံမှ အထောက်အထား စာရွက်စာတမ်းများနှင့် လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေစုစုပေါင်း ထိုင်းဘတ် (၅၂၄၄၁၇) နှင့်အတူ လွှဲပြောင်းလက်ခံသည်။

 

ပြန်လည်လွှဲပြောင်းလက်ခံပြီးသူ (၇၅)ဦးအား မြဝတီမြို့၊ ရွှေမြဝတီဈေးအနီးရှိ MoU ရုံးတွင် (၂၁)ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိပြီး၊ နှာခေါင်းတို့ဖတ်နမူနာယူ၍ Coronavirus ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး၊ (၂၁)ရက်ကာလအတွင်း လိုအပ်ချက်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်မည်ဖြစ်သည်။

 

ယင်းတို့အား မိဘနေရပ် ပြန်လည်စေလွှတ်အပ်နှံရာတွင် ၎င်းတို့ရရှိလာသော ထောက်ပံ့ကြေးငွေများအား တစ်ဦးချင်းစီအလိုက် ပြန်လည်ထုတ်ပေးမည့်အပြင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တစ်ဦးလျှင်(၂)သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။  ပြန်လည်လွှဲပြောင်းလက်ခံခြင်း၊ (၂၁)ရက်စောင့်ကြည့်ထားရှိခြင်းနှင့် မိဘရပ် ထံပြန်လည်စေလွှတ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ မူလက ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ (၇၉)ဦးအား လွှဲပြောင်းလက်ခံရန်ဖြစ်သော်လည်း အမျိုးသမီး(၄)ဦးမှာ လူကုန်ကူးမှုနှင့်ဆက်စပ်၍ အခြားအမှုများအတွက် တရားရုံးတွင် သက်သေထပ်မံ ထွက်ဆိုရန်ရှိသဖြင့် (၇၅)ဦးကိုသာ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်