ကမ္ဘာမြေကိုကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချကြပါစို့

နိုင်ဦး (DOCA)

 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသုတေသန ပညာရှင်များက ပြောသည်မှာ ၁၀ နှစ်သားရှိသော မည်သည့်သစ်ပင်မဆို သဘာဝမိုးရေတွေ အလဟဿ မဆုံးရှုံးစေဖို့ ဂါလန် ၂၉၀၀ ကျော်ကို စုပ်ယူထိန်းသိမ်း ပေးထားကြောင်း၊ လူတွေ အပူဒဏ်ကကာကွယ်ရေး အသုံးပြုနေသော အဲကွန်း ၁၀ လုံးစာ အအေးဓာတ်ကို ထုတ်လွှတ်ပေးနေကြောင်း၊ အပင်ပတ်ဝန်းကျင်ရှိ လေထုညစ်ညမ်းမှု၏ ၂၈ ရာခိုင်နှုန်းအထိကို သန့်ရှင်းအောင် စစ်ထုတ်ပေးနေကြောင်း ပြောဆို၏။

 


အာကာသခရီးစဉ် သုံးကြိမ်လိုက်ပါဖူးပြီး အာကာသထဲမှာ ရက်ပေါင်း ၆၆၅ ရက်အထိ နေထိုင်ခဲ့သည့် အမျိုးသမီးက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးသည်။ ကျွန်မတို့ မြေကမ္ဘာကလေလောက် စိတ်ကြည်လင် လန်းဆန်းစေတာ၊ ရေလောက်အေးမြပြီး သန့်ရှင်းစင်ကြယ်စေတာ၊ သစ်ပင်များလောက် မျက်လုံးအေးပြီး နှစ်သက်စရာကောင်းတာ၊ မြေကြီးတွေလောက် အာဟာရဓာတ်ပေါကြွယ်ဝစေတာ အာကာသမှာ မရှိဘူး ဟုဆိုသည်။ ပြီးတော့ ပထမအကြိမ် အာကာသခရီးစဉ်သွားတုန်းက ကမ္ဘာမြေကို အလွန်လွမ်းမိကြောင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် သွားစဉ်အခါက ပုလင်းသေးသေးလေး တစ်လုံးထဲမှာ ကမ္ဘာကမြေကြီး နည်းနည်း၊ ရေလေး နည်းနည်းနှင့် သစ်ရွက်ခြောက်လေး တစ်ရွက်ကို ထည့်သွားရင်း အာကာသမှာနေစဉ် ကမ္ဘာမြေအလွမ်းကို ဖြေဖျောက်ခဲ့ရသည်ဟု ပြောသည်။

 


အဖိုးရတနာ ထိုက်တန်

 


ကမ္ဘာ၏ မြေကြီးလေးတစ်တုံး၊ ရေလေးတစ်စက်၊ သစ်ရွက်ခြောက်လေးတစ်စသည် ဤမျှအဖိုးရတနာ ထိုက်တန်မှန်း အစကမသိခဲ့ပေ။ လူတိုင်းလူတိုင်းသည် ကမ္ဘာမြေမှ သန့်စင်သောလေ၊ ကြည်လင်သောရေ၊ အာဟာရပြည့်ဝသောမြေ၊ စိမ်းလန်းစိုပြည်သော သစ်ပင်၊ ပန်းပင်များကြောင့် သဘာဝဂေဟစနစ်၊ အစာကွန်ရက် စနစ်များ ဟန်ချက်ညီနေမှုကို အလကားလောက်နီးနီး ရနေပါလျက် တန်ဖိုးထားရကောင်းမှန်း မသိပေ။ ပလတ်စတစ်ကဲ့သို့သော ဆွေးမြည့်ပျက်စီးရန် နှစ်ပေါင်း ထောင်ချီကြာနိုင်သည့် ပစ္စည်းများကို လွယ်လွယ်ဝယ်ယူ သုံးစွဲသည်၊ လွယ်လွယ်စွန့်ပစ်သည်၊ သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှာ သဘာဝဂေဟစနစ်၊ အစာကွန်ရက်စနစ်များ ဟန်ချက်ညီမှု ပျက်စီးသွားမှာ နည်းနည်းမှ စိုးရိမ်ပူပန်မှုမရှိကြပေ။ နောင်တစ်ချိန် ကြည်လင်အေးမြသောရေကို မြင်ပါလျက် ရေတွင် အညစ်အကြေးများပါသည်ထင်၍ မသောက်ဝံ့မှာ စိုးရိမ်ပါသည်။ သန့်ရှင်းစင်ကြည်သော လေကိုရှူရှိုက်ချင်ပါလျက် လေတွင်အဆိပ် အခိုးအငွေ့များပါသည်ထင်၍ သံသယကင်းစွာ ရှူရှိုက်ရန် မဝံ့မရဲဖြစ်မှာ စိုးရိမ်ပါသည်။ အာဟာရပြည့်ဝသော မြေဆီမြေနှစ်မှ ဖြစ်ထွန်းလာသည့် အပင်များကို အာဟာရပြည့်ဝစွာ စားသုံးချင်ပါလျက် အပင်များတွင် ခွင့်မပြုဓာတုအဆိပ်ခိုး ပါဝင်နိုးဖြင့် စိုးရွံ့မစားသုံးမှာ စိုးရိမ်ပါသည်။

 


လွယ်လွယ်ကူကူရယူသုံးစွဲနေ

 


လက်ရှိကမ္ဘာပေါ်တွင် သဘာဝကပေးသော လက်ဆောင်မွန်များကို လွယ်လွယ်ကူကူ ရယူသုံးစွဲနေသည်။ စီးပွားရေး၊ ကြီးပွားရေးအတ္တများ အမှောင်ဖုံး၍ သဘာဝကပေးသော လက်ဆောင်မွန်များကို တန်ဖိုးမထား၊ ဖျက်ဆီးသကဲ့သို့ ဖြစ်လာနေသည်။ ရှားပါးလာသော ရေချို၊ ညစ်ညမ်းလာသော လေနှင့် ကျဉ်းမြောင်းလာသော မြေတို့ကြောင့် ကမ္ဘာကြီးသည် ပျက်စီးချွတ်ယွင်းမှု အရှိန်အဟုန်မြန်မြန် ဖြစ်လာနေသည်။ ဘယ်သူမပြု၊ မိမိမှုပင် ဖြစ်သည်။ အသိဉာဏ် အဆင့်မြင့်သော၊ တွေးခေါ်မြော်မြင်နိုင်မှု မြင့်မားသော လူတို့ကြောင့်ပင်ဖြစ်သည်။ သဘာဝကပေးသော နေရာမြေ၊ သောက်စရာရေနှင့် ရှူစရာလေတို့ကို တန်ဖိုးထားရကောင်းမှန်းမသိပေ။ ထိုမြေ၊ လေနှင့် ရေတို့ကို ထာဝစဉ်ရရှိမည်ဟု ထင်မြင်ယူဆနေကြသည်။ ထို့ကြောင့်ပင် လူသားတို့၏ အပြစ်ခြောက်ပါးကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက သတိမူမိစေရန်နှင့် ဆင်ခြင်မိနေစေရန် ဖော်ပြကြသည်။


 

အတုယူစရာလုပ်ဆောင်မှု

 


တစ်ခါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနရှိ တိုင်းဦးစီးမှူးရုံး တစ်ရုံးက ပလတ်စတစ်ရေဘူးတွေနေရာမှာ ဖန်ဘူး၊ ဖန်ခွက်နှင့် အစားထိုးပြီး အစည်းအဝေး တစ်ခုလုပ်ခဲ့သည်။ အတုယူစရာလုပ်ဆောင်မှုဟု ကျွန်တော်ထင်သည်။ အခမ်းအနား တစ်ခုလုပ်ပါက သုံးစွဲလိုက်ရတဲ့ ပလတ်စတစ်ရေသန့်ဘူး နည်းတာမဟုတ်ပေ။ အခမ်းအနား တစ်ခုပြီးဆုံးပါက သုံးစွဲလိုက်ရသော ရေသန့်ဘူးခွံများကို သန့်ရှင်းရေးသမားများက သိမ်းဆည်းသည်။ မြေကြီးထဲရောက်တာတွေ ရှိသည်။ မီးရှို့ဖျက်ဆီးလိုက်တာတွေ ရှိသည်။ ရောင်းတာတွေရှိသည်။ ဝယ်သူကလည်း အရည်ကျိုကာ တခြားပလတ်စတစ်အသုံးအဆောင်များ ပြန်လည်ထုတ်လုပ်ကြသည်။

 

 

အဲဒီ ပလတ်စတစ်ဘူးခွံ မြေကြီးထဲရောက်သွားရင် နှစ်ထောင်ချီ မပျက်မစီးရှိနေတတ်သည်။ မီးရှို့လိုက်ရင်လည်း ပလတ်စတစ်ညှော်နံ့တွေကြောင့် ရောဂါရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည်။ ရုံးတိုင်း၊ အိမ်တိုင်း မှာရေကို ဖန်ဘူး၊ ဖန်ခွက်လေးတွေနဲ့ ဧည့်ခံကြရင်၊ အသုံးပြုကြရင် ပလတ်စတစ်ကိုလည်း သုံးစွဲမှုချွေတာရာ ရောက်သည်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး။ ငွေကို လည်းချွေတာရာ ရောက်တယ်။ ဒီလောက်ကောင်းတဲ့ ဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့ အတုယူသင့်ပါသည်။ တဖြည်းဖြည်းနှင့် ပြောင်းလဲအသုံးပြုသင့်ပါသည်။ ဤကဲ့သို့ လူသားတို့၏ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှုပုံစံများကြောင့် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်မှာစိုးရိမ်မိသည်။

 


ကျွန်တော်တို့ လူသားတွေထင်သလို ကမ္ဘာကြီးက ပေးအပ်ထားသော သဘာဝအရင်းအမြစ်များသည် သုံးမကုန်၊ စားမကုန်ရှိနေသည်ဟု အထင်မမှားသင့်ပေ။ အချိန်အတိုင်းအတာ ရှိသည်။ လူသားတို့၏ ဂရုစိုက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ အားပေးကူညီမှုတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းမှသာလျှင် ရေရှည် အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးမကုန်၊ စားမကုန်ပေးထားသည်ဟု ထင်မြင်ပါကမူ မကြာမီ သဘာဝ အရင်းအမြစ်များသည် ကုန်ဆုံးပြီး လူသားကမ္ဘာလည်း ပျက်စီးသွားမှာ စိုးထိတ်မိပါသည်။

 


ထို့အပြင် သဘာဝသည် လူသားတို့ စွန့်ထုတ်သော အညစ်အကြေးမှန်သမျှကို စုပ်ယူ သိမ်းဆည်းနိုင်သည်ဟု အမြင်မှားနေမှုကိုလည်း ပယ်ဖျောက်ထားသင့်သည်။ သဘာဝမိခင်မြေကြီးအတွက် အာဟာရဖြစ်စေမည့် အညစ်အကြေးများများသာ စုပ်ယူနိုင်ပြီး ပလတ်စတစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများကိုမူ မစုပ်ယူ၊ မဖျက်ဆီးနိုင်ပေ။ ကမ္ဘာမြေကြီးအတွက် အန္တရာယ်ရှိသော စွန့်ပစ်မှုများဖြစ်နေသည်ကို သတိထားသင့်သည်။

 


ထိန်းသိမ်းစောင့်ရှောက်သင့်

 


သဘာဝမျိုးစိတ်များမှာ အသစ်တစ်ဖန်ရှင်သန်နေမည်ဟု အထင်မှားနေမှုများကိုလည်း စဉ်းစားသင့်သည်။ သဘာဝကပေးအပ်ထားသော မျိုးစိတ်လေးသန်းခန့်သည် လူသားတို့၏ မဆင်မခြင် ဆောင်ရွက်မှုများကြောင့် ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ဆက်လက်၍လည်း အပင်များ၊ တိရစ္ဆာန်များ၊ မြေဆီလွှာများသည် အရှိန်အဟုန်ဖြင့် ကွယ်ပျောက်နေသည်။ သတိထားဆင်ခြင်ကာ သုံးစွဲမှသာလျှင် သဘာဝမျိုးစိတ်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူသားတို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် သဘာဝကပေးသော မျိုးစိတ်များကို ကာကွယ်သင့်သည်၊ ထိန်းသိမ်း စောင့်ရှောက်သင့်ပါသည်။

 


လူသားတို့၏ ခန္ဓာကိုယ်သည် လူသားတို့ ထုတ်လုပ်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်သည်၊ ခုခံနိုင်သည်ဟု အထင်တကြီး ယုံကြည်မှုများသည်လည်း သဘာဝကို အကျိုးမပြုပေ။ သဘာဝနှင့် လူသားတို့သည် တစ်ခုနှင့်တစ်ခု ကွင်းဆက်ပမာ အမှီသဟဲပြုကာ နေထိုင်ကြခြင်းဖြစ်၍ တစ်ဖက်ဖက်တွင် ဆိုးကျိုးဖြစ်ပါက တစ်ဖက်တွင် ခံစားရမည်မှာ မုချပင်ဖြစ်သည်။ သဘာဝကပေးသော အရင်းအမြစ်အားလုံးကို သိပ္ပံပညာဖြင့် ပြုလုပ်နိုင်သည်ဟု စိတ်ကြီးဝင်နေမှုများ လည်းမဖြစ်သင့်ပေ။ သိပ္ပံပညာ မည်မျှပင်တိုးတက်ပါစေ၊ ဖွံ့ဖြိုးပါစေ၊ သဘာဝပစ္စည်းများကို မည်သို့ပင်တုပထားပါစေ၊ သဘာဝပစ္စည်းများကို မှီနိုင်မည်မထင်ပေ။ ပလတ်စတစ်ပန်းနှင့် သဘာဝပန်းများ ရောစပ်ထားသော ပန်းဥယျာဉ်ထဲတွင် ပျားများသည် ပန်းအစစ်ထံမှသာ ဝတ်ရည်စုပ်မည်မှာ အသေအချာပင်ဖြစ်သည်။ သိပ္ပံပညာဖြင့် သဘာဝတရားကြီးကို တုပခဲ့ရာမှ ပလတ်စတစ်ကဲ့သို့ ပစ္စည်းများကြောင့် သဘာဝတရားကြီးသည် ပျက်စီးလာနေသည်။ လူတွေ သေကျေရောဂါရကြသည်။ ကမ္ဘာကြီး မရှိပါက၊ လူသားများ ပျောက်ကွယ်ပါက သိပ္ပံပညာသည်လည်း နတ္ထိဖြစ်သွားမည်ကို ဂရုပြုသင့်ပါသည်။

 


စက္ကန့် ၃၀ တိုင်း လူတစ်ဦးသေဆုံးနေ

 


ပလတ်စတစ်ပစ္စည်းများကို မဆင်မခြင်သုံးစွဲနေမှုများကြောင့် စက္ကန့် ၃၀ တိုင်း လူတစ်ဦး သေဆုံးနေပါသည်။ အံ့သြထိတ်လန့်စရာပင် ဖြစ်ပါသည်။ ပြီးတော့ ပလတ်စတစ်ပစ္စည်းများကြောင့် ကင်ဆာရောဂါ အပါအဝင် အခြားဆက်နွှယ်သော ရောဂါများကြောင့် နှစ်စဉ် လူသား တစ်သန်းခန့် အသက်သေဆုံးလျက် ရှိနေကြသည်ဟု မီဒီယာများတွင် ဖော်ပြထားချက်များအရ သိရှိရပြန်ပါသည်။ မကြာမီကလည်း ကမ္ဘာ့သမုဒ္ဒရာများ၏ အနက်ကို တိုင်းတာသည့်အဖွဲ့သည် ပေတစ်သောင်း ကျော်အနက်သို့ အရောက်တွင် ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို ထူးခြားစွာတွေ့ရသဖြင့် အံ့သြမှုဖြစ်ရသည်ဟု ဆိုပါသည်။ ပလတ်စတစ်တွေကို အစာ အမှတ်စားမိသော ကုန်းနေ၊ ရေနေသတ္တဝါတွေ သေကျေပျက်စီးကြရသည်ကိုလည်း တွေ့မြင်နေရသဖြင့် စိတ်မကောင်းဖြစ်မိရသည်။
တစ်နေ့တစ်နေ့ ကမ္ဘာကြီးတွင် နေ့စဉ်ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန်သန်းပေါင်း ၃၂၃ တန်ကို စွန့်ပစ်နေကြောင်း၊ အဲဒီထဲက တန်ချိန်သန်းပေါင်း ၆၂ တန်ကိုသာ ပြန်လည်အသုံးချကြောင်း၊ ကျန်သည့်စွန့်ပစ် ပလတ်စတစ်များကို ကမ္ဘာမြေပေါ်မှာရှိသော ချိုင့်ဝှမ်းများ၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာထဲသို့ လည်းကောင်း၊ ဖွံ့ဖြိုးစနိုင်ငံများထံသို့ လည်းကောင်း၊ စွန့်ပစ်ကြကြောင်း၊ ပြီးတော့မီးရှို့ခြင်းဖြင့်လည်း ဖျက်ဆီးကြောင်း သိရှိရသည်။

 


ကမ္ဘာ့မြေထု၊ ရေထု၊လေထုအတွင်းမှာ ပလတ်စတစ် နှင့် ပတ်သက်သော အန္တရာယ်ရှိပစ္စည်းများ ဘယ်လောက်ထိ ပျံ့နှံ့နေပြီလဲ မသိနိုင်ပေ။ သို့သော် သိသာသည့် အချက်များမှာ ပလတ်စတစ်ပစ္စည်းများကြောင့် ဖြစ်သောရောဂါများ ပိုမိုဖြစ်ပွားလာနေသည်။ ဆေးရုံ၊ ဆေးခန်းတွေ ပိုမိုဖွင့်လှစ်လာကြသည်။ ကျန်းမာရေးအတွက် အသုံးစရိတ်များ ပိုမိုသုံးရသဖြင့် တစ်ဦးချင်း ဝင်ငွေများ နည်းပါးသွားကြသည်။ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိလာသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက အသိပညာပေးမှုများ ဆောင်ရွက်နေ ခြင်းဖြစ်သည်။

 


ပို၍ပို၍ များပြားလာနေ

 


ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ တချို့သောဆိုင်များတွင် ကိုယ်ပိုင်အိတ်ဖြင့် စျေးဝယ်လာပါက ချိုချဉ်၊ သကြားလုံးများ လက်ဆောင်ပေးခြင်း၊ စားသောက်ဆိုင်များတွင် ချိုင့်ဖြင့်လာ ရောက်ဝယ်ယူပါက ဟင်းများအပိုထည့်ပေးခြင်း၊ သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ထည့်စရာအိတ်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်နေသော်လည်း ပလတ်စတစ်ရေသန့်ဘူး ယဉ်ကျေးမှုသည် ပို၍ပို၍ များပြားလာနေပါသည်။ ပညာပေးမှုများ ရှိသော်လည်း လိုက်နာ ဆောင်ရွက်မှုမရှိခြင်းမှာ အတ္တ၊ လောဘသားများကြောင့်လား၊ အပြစ်ခြောက်ပါးကို မသိ၍ပဲလား မသိနိုင်ပေ။


သို့ဖြစ်၍ အတ္တ၊ လောဘ၊ ဒေါသကင်း၍ ကိုယ်ချင်း စာတရား၊ မေတ္တာတရားပြည့်ဝသော စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်လာစေရေးအတွက် ပြည်သူများအားလုံးမှ လိုက်ပါ ဆောင်ရွက်ကြစေချင်ပါသည်။ အပြုံးပန်းတွေ ဝေဆာပြီး သန့်စင်သောလေကို ရှူ၍၊ အေးမြကြည်လင်သော ရေကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သည့် စိတ်ဓာတ်များ ကိန်းအောင်းစေချင်ပါသည်။ တစ်ခါသုံး ပလတ်စတစ်ပ စ္စည်းများနေရာတွင် ရေရှည်အသုံးပြုနိုင်သည့် အန္တရာယ်ကင်း ပစ္စည်းများဖြင့် အစားထိုး သုံးစွဲစေချင်ပါသည်။ အနာဂတ် မျိုးဆက်များအတွက် သန့်ရှင်းစင်ကြယ်သော လေ၊ ကြည်လင်အေးမြ သောရေ၊ အာဟာရပြည့်ဝသောမြေကို လက်ဆောင်အဖြစ် ပေးအပ်ရန် စံနမူနာကောင်းများ ပြစေချင်ပါကြောင်း စေတနာထား တိုက်တွန်းအပ်ပါသည်။ ။