COVID-19 ကပ်ရောဂါကာလ ပြည်သူ့အစိုးရနှင့် စေတနာ့ဝန်ထမ်းများ၏ ဟန်ချက်ညီညီ စွမ်းဆောင်မှုများ

အောင်ကျော်မိုး (လူမှု)

 

တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် COVID-19 ရောဂါကို မြန်မာနိုင်ငံက တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ တုံ့ပြန်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန်အတွက် ခွဲခြားမှုမရှိသောပြည်ထောင်စုစိတ်ဓာတ်ရှိသည့်၊ စိတ်ကောင်းစေတနာရှိပြီး အများအကျိုးကို ကူညီဆောင်ရွက်လိုသော မွန်မြတ်သောစိတ်ထားရှိသည့်၊ ကိုယ်ကျိုးစွန့်၍ မလျှော့သောဇွဲ စိတ်ဓာတ်ရှိ သည့် “စေတနာ့ဝန်ထမ်းများ” နှင့် “ပရဟိတအဖွဲ့အစည်းများ” က နိုင်ငံတော်၏ နေရာဒေသအသီးသီးမှ ပေါ်ထွက်လာကြပြီး Quarantine Center များတွင်လည်း‌ကောင်း၊ နယ်စပ်ဝင်ပေါက်များတွင်လည်း‌ကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ နယ်ဝင်နယ်ထွက်၊ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးသည့်ဂိတ်များတွင်လည်းကောင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် လုံခြုံရေးလှည့်လည်ဆောင်ရွက်ရာတွင်လည်းကောင်း အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြပြီး ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးအစီအစဉ်များတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်ကူညီလုပ်ကိုင်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုတို့သည် အလွန်ပင် ဟန်ချက်ညီစွာဖြင့် COVID-19 ရောဂါကို ရင်ဆိုင်တွန်းလှန်နေကြပါသည်။


စေတနာ့ဝန်ထမ်းဆိုသည်မှာ မိမိ၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်များကို အခကြေးငွေ မယူဘဲ အသင်းအဖွဲ့တစ်ခု၊ လုပ်ငန်းစဉ်တစ်ရပ်၊ လိုအပ် သည့် အခြေအနေတစ်ရပ်ရပ်တွင် အချိန်ပိုင်းဖြစ်စေ၊ သတ်မှတ်တာဝန်ပိုင်းအရဖြစ်စေ၊ အမြဲတမ်းဖြစ်စေ မိမိ၏ ဆန္ဒအရ ပါဝင်ကူညီ ဆောင်ရွက်ပေးသူကို ခေါ်ဆိုပါသည်။


အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သော အုပ်ချုပ် ရေးကိုဖော်ဆောင်ရာတွင် တာဝန်ယူ တာဝန်ခံပြီး ယုံကြည်ရမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ကြိုတင်တွက်ဆနိုင်မှု နှင့် ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းတို့ ရှိရမည်ဖြစ်ပြီး ပြည်သူလူထုအင်အားမပါဘဲ အစိုးရတစ်ရပ်တည်း လည်ပတ်ဆောင်ရွက်၍ ကိစ္စရပ်များ ပြည့်စုံပြီးမြောက် နိုင်မည်မဟုတ်ကြောင်းကို နိုင်ငံတွင် ဘေးအန္တရာယ် တစ်ခုခုကျရောက်တိုင်း လျင်မြန်စွာ တစ်ရှိန်ထိုး ပေါ်ထွက်လာတတ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များ၏လုပ်ရပ်များက သာဓကပင် ဖြစ်ပါသည်။


အထူးသဖြင့် ပြည်သူပြည်သားကောင်းများ၏ အင်အား၊ ပါဝင်ဆောင်ရွက်မှုသည် များစွာအရေးပါသဖြင့် စေတနာ့ဝန်ထမ်းများကို စုစည်းဖော်ထုတ်ကာ အစိုးရ ယန္တရားများနှင့် ဆက်ပေးရခြင်းသည် အလွန်ပင် အရေးကြီးသည့် ကိစ္စရပ်ပင်ဖြစ်ပါသည်။


အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့


နိုင်ငံတော်အစိုးရအနေဖြင့် မိမိ၏ကိုယ်ကျိုးစီးပွားကို ပဓာနမထားဘဲ နိုင်ငံတော်အကျိုး၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ အနစ်နာခံ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအတွက် ဘေးကင်းလုံခြုံမှု၊ လိုအပ်သော နည်းပညာ အကူအညီနှင့် အထောက်အကူပြုပစ္စည်းများအား ကူညီ ပံ့ပိုးမှုများပေးရန်နှင့် အသိအမှတ်ပြု ဆောင်ရွက်သွားရန် ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit– NVSU) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။


အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (NVSU) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များက အဖွဲ့ဝင်များအဖြစ် ပါဝင်၍ စုစုပေါင်း ၂၀ ဖြင့် ချမှတ်ထားသော လုပ်ငန်းတာဝန် (၉) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (NVSU) ၏ ရုံးလုပ်ငန်း တာဝန်များကို အဆင်‌ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့အား ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက အဖွဲ့ဝင်များအဖြစ်ပါဝင်သော စုစုပေါင်း ရှစ်ဦးတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ လိုအပ်သော စာရင်းဇယားများ ပြုစုခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်း‌ဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရုံးတို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အစီရင်ခံစာများ ပြုစု၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးမှတစ်ဆင့် တင်ပြခြင်းနှင့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က ထပ်မံပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို အတွင်းရေးမှူးရုံးအဖွဲ့ ဝန်ထမ်းများက နေ့မအားညမနား ရုံးပိတ်ရက်မရှိ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြပါသည်။


လုပ်ငန်းတာဝန်ကျေပွန်စွာဆောင်ရွက်


၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့တွင် စေတနာ့ဝန်ထမ်းများ၏ သတင်းအချက်အလက်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို အချိန်နှင့် တစ်‌‌ပြေးညီသိရှိပြီး အချိန်မီ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့က ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်း/ ဘေးစီမံဦးစီးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီ ကိုယ်စားလှယ်၊ ပရဟိတအဖွဲ့များက ကိုယ်စားလှယ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း စုစုပေါင်းခုနစ်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးအတွက် လိုအပ်သည့် သတင်းအချက်အလက် စာရင်းဇယားများကို စုစည်း‌ပေးပို့ရန်၊ စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဆန်းစစ်တင်ပြရန်နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးတို့က အဆင့်ဆင့် ဆက်သွယ်ညှိနှိုင်းမှုများကို အကောင်‌အထည်ဖော် ဆောင်ရွက်ရန် စသည့်လုပ်ငန်း တာဝန်များကို တိကျကျေပွန်စွာဖြင့် ဆောင်ရွက်နေကြပါသည်။


ထိုကဲ့သို့ အဖွဲ့များ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်ခဲ့မှုများကြောင့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် တိုင်းပြည်အတွက် အနစ်နာခံဆောင်ရွက် ကူညီပေးနေကြသော စေတနာ့ဝန်ထမ်းများအား အောက်ဖော်ပြပါ ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်‌ပေးနိုင်ခဲ့ပါသည်-

 


(က) စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲ စာအုပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊


(ခ) အတည်ပြုထားပြီးဖြစ်သော စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲစာအုပ်ကို အသုံးပြု၍ စေတနာ့ ဝန်ထမ်းနည်းပြသင်တန်း (Online ToT) (၅) ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၂၅၆ ဦး၊ တိုင်း‌ဒေသကြီး/ ပြည်နယ်အဆင့် Training Team များမှ သင်တန်းများ ဖွင်လှစ်၍ သင်တန်းသား ၁၉၄ ဦး၊ စုစုပေါင်း သင်တန်းသား ၄၅၀ တို့အား ဆရာဖြစ် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ခြင်း၊


(ဂ) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် Training Team ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိခြင်း၊


(ဃ) အတည်ပြုထားပြီးဖြစ်သော စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲစာအုပ် စုစုပေါင်း အုပ်ရေ ၈၂၀၀၀ ကို ပုံနှိပ်နိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်းများထံသို့ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊


(င) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအား ပေးအပ်ချီးမြှင့်မည့် ရင်ထိုးတံဆိပ်များနှင့် အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာတို့အား အပ်နှံခဲ့ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က စိစစ်ထောက်ခံတင်ပြလာသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအား ချီးမြှင့်ပေးအပ်လျက်ရှိခြင်း၊


(စ) စေတနာ့ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက လှူဒါန်းသော Mask များ၊ PPE ဝတ်စုံများ၊ Surgical Gown ဝတ်စုံများ၊ Hand Sanitizer များကို ပေးအပ်နိုင်ခဲ့ခြင်း၊


(ဆ) အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး (၂) နှင့် အတွင်း ရေးမှူးရုံးအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးတို့သည် ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီး‌လေးခုသို့ နေ့ချင်းပြန် ခရီးသွားရောက်၍ အောက်ခြေမြေပြင်တွင် စေတနာ့ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များအား ကွင်းဆင်းသုံးသပ်ကာ လိုအပ်ချက်များကို အချိန်နှင့်တ‌စ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များနှင့် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်၍ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ခဲ့ခြင်း၊


(ဇ) စေတနာ့ဝန်ထမ်းများအတွက် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ယခုအချိန်အထိ သင်တန်း (၃၈၃) ကြိမ်တွင် စုစုပေါင်း သင်တန်းသား ၁၇၇၈၇ ဦး လေ့ကျင့်သင်တန်း‌ ပေးနိုင်ခဲ့ခြင်းနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိခြင်း၊


(စျ) စာရင်းရှိ စေတနာ့ဝန်ထမ်းများ အားလုံးထံသို့ စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲ စာအုပ်များအား ကြိုတင်ဖြန့်ဝေပေးခြင်းကို SMS Message နှင့်လည်း‌ကောင်း၊ Facebook စာမျက်နှာများမှတစ်ဆင့် Softcopy များ ဖြန့်ဝေပေးခြင်းဖြင့် လည်း‌ကောင်း နည်းလမ်းနှစ်မျိုးဖြင့် ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊


(ည) လက်ရှိ Quarantine Center များတွင် ခေတ္တ‌နေထိုင်၍ အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း အစီအစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိသော အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများနှင့် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး ယခုအချိန်ထိ နေပြည်တော် ကောင်စီမှ ၉၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၆၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၆၄ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၇၉ ဦးနှင့် မကွေး တိုင်း‌ဒေသကြီးမှ ၁၃၅ ဦး စုစုပေါင်း ၈၄၀ တို့အား ထောက်ပံ့ပေးနိုင်ခဲ့ကာ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက် ထောက်ပံ့ပေးရန် စာရင်းများ ကောက်ခံ ဆောင်ရွက်လျက်ရှိခြင်း၊


(ဋ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စေတနာ့ဝန်ထမ်းများ စုစည်းဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် စေတနာ့ဝန်ထမ်းတစ်ဦး၏ တင်ပြချက်အရ အတွင်းစည်း ဝင်ရောက်လျက်ရှိသော စေတနာ့ ဝန်ထမ်းများအား သင်တန်းပေးရန်အတွက် သက်ဆိုင်ရာ သင်တန်းနည်းပြများနှင့် တိုင်ပင်ညှိနှိုင်း၍ Video များရိုက်ကူးကာ Video Clip များ ဖြန့်ဝေ၍ သင်တန်းပို့ချရန် စီစဉ်ဆောင်ရွက် လျက်ရှိခြင်း။
မြန်မာနိုင်ငံတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) (ရန်ကုန်)တို့မှ တစ်ရက်လျှင် ဓာတ်ခွဲနမူနာပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးလျက်ရှိရာ ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၂၉၉ ဦးရှိနေပြီး ရောဂါ ကင်းစင်သူ ၂၁၈ ဦးအထိရှိကာ သေဆုံးသူခြောက်ဦးသာ ရှိပါသည်။ လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ Quarantine Center ပေါင်း ၇၇၀၀ ကျော်တွင် Quarantine ဝင်နေသူပေါင်း ၄၂၀၀၀ ကျော် ရှိနေပြီး မိခင်နိုင်ငံသို့ နယ်စပ်ဝင်ပေါက်အသီးသီးမှ တစ်ဆင့် ပြည်ပမှ နေ့စဉ်ဆက်တိုက် ပြန်လည်ဝင်‌ရောက် လျက်ရှိနေပါသည်။


ရောဂါပျံ့နှံ့မှုကောင်းစွာ ထိန်းချုပ်နိုင်


အမိမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများသည် အချင်းချင်းရိုင်းပင်း ကူညီလိုစိတ်၊ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ အကြင်နာ တရားများနှင့် သဒ္ဓါတရားများ ကိန်းအောင်းနေသည့် အားလျော်စွာ ယခုကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခု ဖြစ်သည့် COVID-19 ကူးစက်မြန်အဆုတ်ရောင် ရောဂါအား ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထက်သန်သည့် နှလုံးလှပြည်သူပြည်သား စေတနာ့ ဝန်ထမ်းများ အားလုံးလက်တွဲကူ၍ ဟန်ချက်ညီညီဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ရောဂါ ပျံ့နှံ့မှုအား ကောင်းစွာထိန်းချုပ်နိုင်ခဲ့ကာ နောင်မဝေးတော့သော အချိန်ကာလတွင် COVID-19 ရောဂါကင်းစင်သော နိုင်ငံတော်တစ်ခုဖြစ်လာမည်ဟု လေးနက် စွာယုံကြည်မိပါတော့သည်။ ။