မြေပြင်အခြေစိုက်ဒုံးခွင်းစနစ်ကို ဂျပန် ဘာကြောင့်စွန့်လွှတ်လိုက်သလဲ

ကလျာမိုးမြင့်

 

စက်မှုထွန်းကားတဲ့ ဂျပန်နိုင်ငံက ယခုရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ ဒုံးခွင်းစနစ် ဝယ်ယူမယ့်အစီအစဉ်ကို လက်လျှော့လိုက်တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြပါတယ်။ ဂျပန်နိုင်ငံအပေါ် မြောက်ကိုရီးယားနိုင်ငံဆီက မမျှော်လင့်ဘဲကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့အတွက် နိုင်ငံ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂျပန်က ဒုံးခွင်းစနစ်ဝယ်ယူဖို့ မူလကစီစဉ်ထားခဲ့တာပါ။

 


ကုန်ကျစရိတ်ကြီးမား

 


Aegis Ashore လို့ခေါ်တဲ့ မြေပြင်အခြေစိုက် ဒုံးကျည် ကာကွယ်ရေးစနစ်ဟာ ကုန်ကျစရိတ် ကြီးမားတဲ့အပြင် အချိန်လည်း ကုန်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒုံးခွင်းစနစ် ချထားတဲ့နေရာ အနီးမှာရှိတဲ့ လူနေထူထပ်တဲ့ ဧရိယာတွေအပေါ် နည်းပညာ အဆင့်မြှင့်ထားတဲ့ ဒုံးကျည်တွေ မကျရောက်ဖို့ သေချာအောင် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ဖို့ လိုအပ်ဦးမှာဖြစ်တယ်လို့ ဒုံးခွင်းစနစ် ဝယ်ယူမယ့်အစီအစဉ် ဖျက်သိမ်းလိုက်ရတာနဲ့ ပတ်သက် ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ရှင်းလင်း ခဲ့ပါတယ်။

 


ဂျပန်အမျိုးသားလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သောကြာနေ့မှာ ဒုံးခွင်းစနစ် ဝယ်ယူရေးအစီအစဉ် ဖျက်သိမ်းလိုက်တဲ့ အကြောင်းကို အတည်ပြုကြေညာလိုက်ပြီး မိမိဘက်က အရင်တိုက်ခိုက်တဲ့ စွမ်းရည်ကို တိုးတက်အောင်မြှင့်တင်မယ့် အလားအလာတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

 


တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်မယ်

 


နိုင်ငံရေးဆိုင်ရာ ဝေဖန်သူတွေက အဲဒီကြိုးပမ်းမှုဟာ ဒုတိယကမ္ဘာစစ် ပြီးသွားကတည်းက နိုင်ငံ့ကာကွယ်ရေးမှာ စစ်တပ်ရဲ့လှုပ်ရှားမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထိန်းချုပ်မှု လုပ်ဆောင်ထားတဲ့ ဂျပန်ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။

 


ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ဂျပန်ဟာ နိုင်ငံ့လုံခြုံရေးကို အဆက်မပြတ် ခြိမ်းခြောက်လာတဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ ကာကွယ်ရေးဆိုင်ရာ တည်ရှိမှု အနေအထားတစ်ရပ်လုံးကို စွမ်းရည်မြှင့်တင်ဖို့ လုပ်ဆောင်ရလိမ့်မယ်။ ဒုံးခွင်းစနစ်ချထားမယ့် အစီအစဉ် တစ်ခုတည်းနဲ့ ရှေ့ကိုတက်လှမ်းဖို့ မဖြစ်နိုင်သေးတဲ့အပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကလည်း ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း တိုကျိုမှာပြုလုပ်တဲ့ ရှင်းလင်းပွဲတစ်ခုမှာ အလေးအနက် ပြောကြားခဲ့ပါတယ်။

 


ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီ

 


အစိုးရအနေနဲ့ ဒုံးခွင်းစနစ် အလှည့်ကျချထားရမယ့် နေရာတွေရှာဖွေဖို့ မလွယ်ကူဘူးဆိုတာကိုလည်း အကြောင်းပြချက် တစ်ခုအနေနဲ့ ထည့်ပြောခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးက ဂျပန်ဟာ ရန်သူ့ဒုံးကျည်ပစ် လောင်ချာတွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အစွမ်းထက် လက်နက်တွေကို ဝယ်ယူဖို့ စဉ်းစားကောင်းစဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိမိဘက်က စတင်တိုက်ခိုက်တဲ့ ဘယ်လိုစစ်ရေး စွမ်းရည်မျိုးကို ရယူပိုင်ဆိုင်ရန် ကြိုးပမ်းသည်ဖြစ်စေ အဲဒီလုပ်ဆောင်ချက်ဟာ ဂျပန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ စစ်ရေးဆိုင်ရာ ရပ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပြီး ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေကိုလည်း စိုးရိမ်ပူပန်မှု ဖြစ်လာစေတော့မှာ သေချာပါတယ်။

 


အကြီးစားစစ်လက်နက်တွေ ထပ်ဝယ်ဖို့တိုက်တွန်း

 


ရန်သူ့စစ်အခြေစိုက်စခန်းတွေကို အရင်လက်ဦးမှုရယူ တိုက်ခိုက်မယ့် စစ်ရေးစွမ်းရည် ရယူဖို့ကို အမျိုးသားလုံခြုံရေး ကောင်စီရဲ့အစီအစဉ်မှာ ထည့်သွင်းဖို့ရှိ မရှိဆိုတဲ့ မေးခွန်းကို ဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးက ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်ရသေးခင်မှာတော့ မိမိတို့အနေနဲ့ ဘယ်နည်းလမ်းကိုမှ ခေါင်းထဲက ထုတ်ပယ်ထားလို့ မရသေးဘူးလို့ ထင်တယ်လို့ ဖြေကြားထားတာကို တွေ့ရပါတယ်။

 


မြေပြင်အခြေစိုက် ဒုံးခွင်းစနစ်ဝယ်ယူရေးအစီအစဉ် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘာမှတော့ မှတ်ချက်မပေးခဲ့ဘူး။ ဒါပေမယ့် ဂျပန်အနေနဲ့ အမေရိကန်ပြည်ထောင်စုဆီက နောက်ထပ်အကြီးစား စစ်လက်နက်ပစ္စည်းတွေ ထပ်မံဝယ်ယူဖို့နဲ့ နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ဒီထက်ပိုပြီး တာဝန်ကျေအောင်ကြိုးပမ်းဖို့တော့ သမ္မတထရမ့်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

 


ဂျပန်နဲ့ အမေရိကန်လက်တွဲမည်

 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ဖော်ပြချက်မှာ အမေရိကန်ဟာ ဒေသတွင်းမှာ ပိုမိုတိုးပွားလာနေတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ မိမိတို့ရဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှုအပေါ် စိုးရိမ်နေကြတာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ဂျပန်နဲ့အတူ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

 


၂၀၁၇ ခုနှစ်အတွင်း ဂျပန်အစိုးရက SM-3 ဒုံးကျည် တွေအပြင် Aegis Ashore ဒုံးခွင်းစနစ်နှစ်ခုကိုပါ ထပ်မံ ဝယ်ယူဖို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံဖိုးလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ဒုံးခွင်းစနစ်နှစ်ခုကို ဂျပန်နိုင်ငံတောင်ပိုင်း ယာမာဂူချီ စီရင်စုမှာရှိတဲ့ အခြေစိုက်စခန်းနဲ့ နိုင်ငံမြောက်ပိုင်း အာခီတာမှာရှိတဲ့ အခြေစိုက်စခန်းတွေမှာ ချထားဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


ဒေသတွင်းစစ်ရေးလှုပ်ရှားမှုစိုးရိမ်

 


ဒုံးခွင်းစနစ်အတွက် တိုကျိုနဲ့ ဝါရှင်တန်တို့ဟာ ဂျပန်ယန်းငွေ ၁၈ဝဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) ခန့် တန်ကြေးရှိတဲ့ ကန်ထရိုက်သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဖော်ပြထားပါတယ်။ အဲဒီအတွက် ဂျပန်က ယန်းငွေ ၁၂ ဒသမ ၅ ဘီလီယံကို ပေးချေထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုဟာ ဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအရလှုပ်ရှားမှုတွေ တိုးမြှင့်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်မှုရှိနေကြောင်း ဖော်ပြနေပါတယ်။

 


ကိုးကား- သည်ဂါဒီးယန်း